SJ WorldNews - шаблон joomla Авто

လေ့လာစရာ စက္ကူဖြင့် ပြုလုပ်သည့် မြန်မာ့ရိုးရာ အရုပ်များ

Friday, 18 August 2017 11:51 font size decrease font size decrease font size increase font size increase font size

မြန်မာ့လူမှု နယ်ပယ်တွင် ယနေ့တိုင် နှစ်သက်မြတ်နိုးစွာ ဝယ်ယူနေသော အရုပ်များကို ပြပါဆိုလျှင် စက္ကူဖြင့်ပြုလုပ် သည့် မြန်မာ့ရိုးရာ အရုပ်ကလေးများကို ပြရမည်ဖြစ်သည်။

မြန်မာ့ရိုးရာ ၁၂ ရာသီပွဲများနှင့် နာမည်ကြီး ဘုရား၊ စေတီများတွင် အမြဲရောင်းချလေ့ရှိသည်။ ထိုအရုပ်ကလေးများမှာ ဖိုးဝရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ ဇီးကွက်ရုပ်နှင့်အတူ အခြား အရုပ်ကလေးများပင် ဖြစ်သည်။ ဇီးကွက်ရုပ်ကိုမူ လာဘ်ကောင်ဟုယူဆကာ ဝယ်ယူချိတ်ဆွဲလေ့ရှိသည်။ ပစ်တိုင်းထောင်ရုပ်ကိုမူ လောကဓံမမှုဘဲ ခေါင်းမော့ရင်ကော့သည့် အရုပ်၊ သတ္တိခွန်အားပေးသည့် အရုပ်အဖြစ် ဝယ်ယူလေ့ရှိသည်။ အရုပ်များမှာ အရောင်တောက်တောက်များ အသုံးပြု ပြီး ခြယ်သထားသည့်အတွက် ကလေးငယ်များကို အထူးဆွဲဆောင်ထားသည်။

ထိုစက္ကူအရုပ်မျိုးစုံကို စစ်ကိုင်းမြို့ အဘယ စေတီတောင်ဘက်ရှိ ကနားတော်ရွာနှင့် အဘယစေတီအနောက်တွင်ရှိ သော ဂုံညင်းတောင်ရွာတို့၌ အများဆုံးပြုလုပ်ပြီး ဒေသအနှံ့ ဖြန့်ချိပေးလျက်ရှိသည်။ စက္ကူဖြင့်ပြုလုပ်သော အရုပ်များ ကို စက္ကူအရုပ်ပွဟု ခေါ်ကြသည်။ စက္ကူအရုပ်ပွများပြုလုပ်ရန်အတွက် စက္ကူကို အဓိက အသုံးပြုသည်။ အရုပ်မျိုးစုံ အတွက် မိုပုံစံထားရှိပြီး စက္ကူကိုကော်ဖြင့် ကပ်ကာပြုလုပ်ကြသည်။ အရုပ်ပြုလုပ်သူများမှာ အရုပ်တစ်မျိုးတည်းကိုသာ တစ်သမတ်တည်း ပြုလုပ်ခြင်းမဟုတ်ဘဲ အရုပ်မျိုးစုံကို မိုပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။

စက္ကူအရုပ်ပြုလုပ်ရာတွင် မိုပုံစံပေါ်တွင် စက္ကူကိုကော်ဖြင့်ကပ်ကာ ပုံဖော်ရသည်။ ကော်ခြောက်ပြီဆိုသည်နှင့် သင်္ဘော ဆေးဖြင့် ဆေးရောင်ခြယ်သကြသည်။ အရုပ်မျိုးစုံကို လှပစွာ ပြုလုပ်ပြီးသည်နှင့် အရုပ်ဒိုင်ဟုခေါ်သော အရုပ်များစွာ ဝယ်ယူရောင်းချသူထံ ဖောက်သည်ပေးသည်လည်း ရှိသည်။ တစ် ပိုင်တစ်နိုင် ကိုယ့်အိမ်တွင်ပင် ကိုယ်တိုင်ပြု လုပ်စုဆောင်းကာ ၁၂ ရာသီပွဲများတွင် လိုက်လံရောင်းချသည်လည်းရှိသည်။ လက်ရှိကာလတွင်   ဖိုးဝရုပ်တစ် ရုပ်လျှင် ငွေကျပ် ၁၅ဝဝ ဖြင့်လည်းကောင်း၊ ပစ်တိုင်းထောင် အရုပ်ကလေးများကို နှစ်ခုငွေကျပ်၅ဝဝ ဖြင့်လည်းကောင်း၊ ဇီးကွက်ရုပ်တစ်စုံလျှင် ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချလျက်ရှိသည်။မြန်မာမှုနယ်ပယ်တွင် ယနေ့တိုင် ချစ်ခင်မြတ်နိုးစွာ ဝယ်ယူနေသော မြန်မာ့ရိုးရာ စက္ကူရုပ်ကလေးများကို စစ်ကိုင်းမြို့ တွင် တစ်နှစ်ပတ်လုံး တွင်ကျယ်စွာ ထုတ်လုပ်ပြီး ဒေသအနှံ့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။

Read 335 times Last modified on Friday, 18 August 2017 11:52