SJ WorldNews - шаблон joomla Авто

ယင်းမာပင်မြို့နယ် ဇီးတောကျေးရွာ၌ အမေရေယာဉ် နတ်ပွဲ စည်ကားစွာ ကျင်းပမည်

Wednesday, 28 February 2018 10:50 font size decrease font size decrease font size increase font size increase font size

ယင်းမာပင်  ဖေဖော်ဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဇီးတောကျေးရွာ၌ နှစ်စဉ် တပေါင်းလပြည့်နေ့တွင်ကျင်းပသော အနောက်အမေကြီး (ခ) အမေရေယာဉ်နတ်ပွဲ (ဒေသအခေါ်-အမေကြီးပွဲ)ကို  ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

''ကန်တော့ခံနန်းလို့ခေါ်တဲ့ ဇီးတောနန်းမှာ ပွဲတော်ကွင်းကြီးက ၇၅ ဧကထက်မနည်း ကျယ်ဝန်းပြီး နှစ်စဉ်ဆိုင်ခန်းပေါင်း ၁ဝဝဝ ကျော်လောက်   ခင်းကျင်းလေ့ရှိပါတယ်။ အမေကြီးပွဲဟာ    နတ်ဆက်တဲ့ ပွဲတင်မက ဈေးရောင်းပွဲတော် အဖြစ်လည်း စိတ်ဝင်စားသူ များပါတယ်။ အမေရေယာဉ်ပွဲကို လာရောက်ဖူးသူတွေကတော့မိမိတို့ဖြစ်လိုတဲ့ ဆန္ဒကို အဓိဋ္ဌာန်ပြုကြပြီး အောင်မြင်မှုများအတွက် အမေရေယာဉ်ကို ဦးတိုက်ကြပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

တပေါင်းလပြည့်နေ့တွင် ပွဲတော်ဖွင့်ပွဲကို စည်ကားစွာ ကျင်းပကြပြီး လပြည့်ကျော် ၃ ရက်တွင် အမေရေယာဉ် နန်းဦးဆုတောင်းပြည့်ဘုရား၌ ဆွမ်းကြီးလောင်းပွဲ ကျင်းပကာ လပြည့်ကျော် ၄ ရက် နံနက် ၉ နာရီတွင် အမေရေယာဉ်မယ်တော်သည် ဝေါယာဉ်ဖြင့် နန်းဦးဆုတောင်းပြည့် ဘုရားကို ဖူးမြော်ကာ ချိုးရေတော်သုံးသည်။ ရပ်နီးရပ်ဝေး ဧည့်သည်များအနေဖြင့် လပြည့်ကျော် ၅၊ ၆၊ ၇ ရက်တို့တွင် အများဆုံးလာရောက်ကြပြီး လပြည့်ကျော် ၈ ရက်တွင်   နန်းသိမ်းအောင်ပွဲ၊ကနားသိမ်းကျားသိမ်း အောင်ပွဲများ ကျင်းပသည်။

အနယ်နယ်အရပ်ရပ်မှ နတ်ပွဲလာရောက်သူများ အတွက် မုံရွာ-ယင်းမာပင်- ဇီးတောလမ်းမှ ဇီးတောကျေးရွာရှိ အမေရေယာဉ်အပြင်နန်း ခြောက်မိုင်ခန့်သို့ လည်းကောင်း၊   မုံရွာ-ယင်းမာပင်-လည်ငေါက် မှ တစ်ဆင့် မောင်းတုံကျေးရွာရှိ အမေရေယာဉ် အတွင်းနန်း ရှစ်မိုင်ခန့်သို့ လည်းကောင်း ရာသီမရွေး သွားလာနိုင်ရေးအတွက်  အဆင်ပြေချောမွေ့အောင် တာဝန်ရှိသူများက လမ်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

Read 301 times Last modified on Wednesday, 28 February 2018 10:51