မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၁၆

 

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာ၊ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးဉာဏိတ (၄၂)နှစ်(၂၂)ဝါနှင့် ၎င်းကျေးရွာနေ ကိုဇော်မျိုး(၂၆)နှစ်(ဘ)ဦးဌေးဦးတို့သည် ကြို့ပင်ကျေးရွာ၊ အင်ပင်လှ ဘုန်းကြီးကျောင်းမှ ဆိုင်ကယ်ဖြင့် ပြန်လာပြီး ကျောက်ရံတောပြင်ရှိ ကိုဦး ၏ နေအိမ်တဲ၌ ခေတ္တနားနေစဉ် တူမီးသေနတ်များကိုင်ဆောင်ထားသည့် ဆူပူအကြမ်းဖက် သောင်းကျန်းသူ အင်အား ၁၅ ဦးခန့်က ဆရာတော်နှင့် ကိုဇော်မျိုးတို့အား အော်ဟစ် ဆဲဆိုကာ တူမီးသေနတ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ဥူးဉာဏိတနှင့် ကိုဇော်မျိုးတို့တွင် တူမီးသေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မလွန်းကျေးရွာ၊ စံချိန်မီရပ်ကွက်၌ ဒုမြို့နယ်ပညာရေးမှူး ဦးအေးထွန်း(၅၃)နှစ် (ဘ)ဦးထွန်းရွှေသည် ၎င်း၏နေအိမ်မှ မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်စဉ် ရွှေညောင်ပင်လမ်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှေ့အရောက်တွင် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး ဦးအေးထွန်းအား ၃၈ ဘို့သေနတ်ဖြင့် ၁ ချက်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ  ဦးအေးထွန်းတွင် ကျောကုန်းဝဲဘက် ကျည်ဖောက်ဝင်၊ ယာရင်အုံ ကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။