နေပြည်တော်၊ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာ၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ် အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ကင်းမကျေးရွာ ဆိုင်းဘုတ်အနီးအရောက် လက်နက်ကိုင်အကြမ်းဖက်သူ ၁၀ ဦးခန့်က တောင်ကုန်းပေါ်မှနေ၍ တူမီး သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ တောင်ကုန်းပေါ်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ တောင်ကုန်းပေါ်သို့ အသေးစိတ်ပိတ်ဆို့ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် တောင်ကုန်း အလယ်သို့ ရောက်ရှိစဉ် အကြမ်းဖက်သူများက ထပ်မံချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပတ်ဝန်းကျင်တစ်ဝိုက် လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိစဉ် ကင်းမကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ရှိ ရသဖြင့် ထပ်မံရောက်ရှိလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သွားရောက်ကူညီငြှိမ်း သတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုအား အသေးစိတ်စစ်ဆေးမှုအရ အကြမ်းဖက် သူ ၄၀ ဦးခန့်က ကင်းမကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဦးကျော်ဌေး ၏ နေအိမ်အား မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းနေအိမ်မှတစ်ဆင့် အခြားနေအိမ်များသို့ လေတိုက် ခတ်ရာမှ မီးကူးစက်ခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၂၂၅ လုံးအနက် အိမ်ခြေ ၁၀၀ လုံးခန့် မီးလောင်ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်အပေါ် အချို့သောမီဒီယာများနှင့် ဆိုရှယ်မီဒီယာများတွင် ကင်းမရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသကဲ့သို့ အများပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ကာ ကျေးရွာ အတွင်းရှိ ၎င်းတို့၏ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်အား မထောက်ခံသော အေးချမ်းစွာနေထိုင်လိုသူ တစ်ဉီး၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။