ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  စက်တင်ဘာ 

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊  ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊  ဦးဝင်းခိုင်နှင့်  ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်    ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံအစိုးရ အနေဖြင့် ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် ၁ဝဝ ရာခိုင်နှုန်း ODA ချေးငွေဖြင့် စီမံကိန်းတစ်ခုလုံး ခြုံငုံသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံကို ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည့် အတွက် စီမံကိန်းကို ဂျပန်နိုင်ငံ အစိုးရ၏ ODAချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရေး Japan International Corporation Agency(JICA)၊ MLITတို့နှင့် ဆက်လက် ဆွေးနွေးခဲ့ကြောင်း၊   လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ  ကိုယ်စားလှယ်များ ပါဝင်သည့် စီမံကိန်း အကောင်အထည်ဖော်ရေး ပြင်ဆင်မှုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကော်မတီအနေဖြင့် ညှိနှိုင်းမှု အစည်းအဝေးများကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၂ဝပြည့်နှစ် ဇူလိုင်လအထိ (၁၁)ကြိမ် ကျင်းပခဲ့ပြီး ရန်ကုန်လေဆိပ်နှင့် ဟံသာဝတီလေဆိပ်၊ လေဆိပ်နှစ်ခုလုံးကို ဂျပန်နိုင်ငံက  လေဆိပ်ဆောင်ရွက်မည့် အဖွဲ့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Operator အဖွဲ့တို့ပူးပေါင်း ဖွဲ့စည်းမည့် single entity ဖြင့်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သော Infrast-ructure လုပ်ငန်းများကို မြန်မာနိုင်ငံဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေးရေး၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ Phase-1ကို တစ်နှစ်ခရီးသည် ရှစ်သန်း ကိုင်တွယ်နိုင်မည့် လေဆိပ်အဖြစ် စတင်ဆောင်ရွက်နိုင်ရေးတို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း၊ အဆိုပါစီမံကိန်း လုပ်ငန်းများကို ODA  ချေးငွေဖြင့်   ဆောင်ရွက်နိုင်ရေး အတွက် JICA  က Feasibility Study ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လေဆိပ်တည်ဆောက်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံမှ သက်သာသော အတိုးနှုန်းဖြင့် ODA  ချေးငွေအချိန်မီ ရရှိနိုင်ရေးအတွက် Feasibility Study Report သည်    များစွာ အရေးပါသည့်အတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ တွဲဖက် အတွင်းရေးမှူး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက  ဂျပန်နိုင်ငံ၏ ODA   Loan ဖြင့်   စီမံကိန်း အကောင်အထည်ဖော်မည့် အခြေအနေ၊ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး အစီရင်ခံစာအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို   ရှင်းလင်းတင်ပြသည်။

ထို့နောက်   ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်း Feasibility Study Team Deputy Team Leader, Mr.Uehara က ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက် ဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက်   ဦးဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ဌာနအလိုက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။