ဟားခါး စက်တင်ဘာ ၆
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မှန်တော-ဟာသာ-ဟားခါးလမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် ဂန့်ဂေါမြို့မှ မှန်တော-ဟာသာ-ဟားခါးလမ်း မိုင်တိုင် ၆၂/၂ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ချင်းပြည်နယ် လမ်းဦးစီးဌာနမှူး ဦးဆန်းလွင်က မှန်တော-ဟာသာ-ဟားခါးလမ်း ၅၄/၅-၆၄/၅ အတွင်း ၃၄ ပေ အကျယ် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ အဆိုပါလမ်းသည် အရှည်မိုင် ၆၆ ဒသမ၇ မိုင်ရှိပြီး ချင်းပြည်နယ် မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတို့ရှိ ဒေသခံပြည်သူများ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည်မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါးမြို့နယ် ဟာသာကျေးရွာသို့ ရောက်ရှိပြီး ရပ်မိရပ်ဖများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဟာသာကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကျေးလက်ကျန်းမာရေး ဌာနနှင့် မူကြိုကျောင်းဖွင့်လှစ်ပေးနိုင်ရေး၊ ဆရာ၊ ဆရာမများဖြည့်ဆည်း ခန့်ထားနိုင်ရေးနှင့် စိမ့်စမ်းရေသွယ်ယူရရှိနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မှန်တော-ဟာသာ-ဟားခါးလမ်းပေါ်ရှိ ဒေါင်ဗား ချောင်းကူး တံတား တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက တံတားဆိုင်ရာ အချက်အလက်များနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က မှန်တော-ဟာသာ-ဟားခါးလမ်းသတ်မှတ်ကာလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း တည်ဆောက်ရေး၊ အန္တရာယ်ကင်းရှင်းစေရန် လမ်းအတက်အဆင်းများပြေပြစ်အောင် ဆောင်ရွက်ရေး၊ လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံနှင့် ကွန်ကရစ်ရေနုတ်မြောင်း တည်ဆောက်နိုင်ရေး၊ လမ်းတာချဲ့ရန် ကျန်နေရာများအား ဆက်လက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အဆိုပါ ဒေါင်ဗားချောင်းတံတားသည်အရှည်ပေ ၂၅၀၊ အမြင့် ၃၁ ပေ၊ အကျယ်၃၀ ဒသမ ၅ ပေရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန်၆၀ ရှိကာ လုပ်ငန်း တန်ဖိုးငွေကျပ်သန်း ၁၃၀၀ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးမြို့ ဟိုင်တလန်ရပ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) အစည်းအဝေးခန်းမ သို့ရောက်ရှိရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး)ဆိုင်ရာအချက် လက်များနှင့် တည်ဆောက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ပြည်ထောင်စုနှင့်ပြည်နယ် ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက် မည့်တည်ဆောက်ရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး) ကျောင်းဝင်းအတွင်း ရာသီသီးနှံများ၊ နှစ်တိုနှစ်ရှည်သီးနှံများ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး ကျောင်းအတွင်းစားသုံးရန်သာမက ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသွားနိုင်ရေး၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်သားများ သောက်သုံးရေဖူလုံရေးအတွက် လုံငုံဘားချောင်းမှ ရေသွယ်ယူနိုင်ရေးနှင့် စက်ရေတွင်းတူးဖော်မည့် နေရာရှာဖွေရေးတို့ကို မှာကြားသည်။ အဆိုပါ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး)ကျောင်းသည် ဟားခါးမြို့၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ မြို့ဟောင်းရပ်ကွက်ဟိုင်တလန်ရပ်၌ တည်ရှိပြီး မြေဧရိယာ ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်း ကြောင်း၊ ကျောင်းတည်ဆောက်ခြင်းလုပ်ငန်း ၂၈ ခုအတွက် စုစုပေါင်းငွေကျပ်သန်း ၆၆၃၁ ဒသမ ၁၈၀ ခန့်မှန်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး)ဝင်းအတွင်းရှိ အားကစားပြိုင်ပွဲရုံနှင့်လေ့ကျင့်ရေးရုံတည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက် ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ချင်းပြည်နယ်ခရီးစဉ်အတွင်း လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ယနေ့ညနေပိုင်းတွင် ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)