တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေအား စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၇

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းသို့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရန်နှင့် နယ်မြေခံတပ်ဌာနချုပ်များ၏ လုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးရန်ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးဆိုင်ရာ  လုပ်ငန်းကြီး ၄ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်မြေ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ တပ်မိသားစုသက်သာချောင်ချိရေး ဆိုင်ရာဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ နယ်မြေလုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို တပ်နယ်အလိုက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊   တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း  RCSS/SSA  အဖွဲ့ကို လွယ်တိုင်းလျှံဒေသနှင့် မိုင်းပန်တောင်ခြမ်းဒေသတို့ တွင်သာ ခွင့်ပြုပေးထားကြောင်း၊ Covid-19 ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ် ထားသည့် စည်းကမ်းများအတိုင်း လိုက်နာကြရန်နှင့်  ကိုယ်ခံအားကောင်းပြီး ကျန်းမာကြံ့ခိုင် အောင် နေထိုင်စားသောက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး တပ်မိသားစုဝင်များ အပြင် ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးပြီး ဒေသခံများ၏ သက်သာ ချောင်ချိရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ မိသားစု ဝင်များနှင့် ဒေသခံများ၏ ပညာအရည်အချင်း မြင့်မားမှုရှိအောင် ပညာရေးအားပေးမှုရှိစေရန် တိုက်တွန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တက္ကသိုလ် ဝင်တန်း အောင်မြင်မှုတွင် အနိမ့်ဆုံး အခြေအနေသို့ရောက်ရှိနေသဖြင့် သက်ဆိုင်ရာ တပ်အသီးသီးမှ တာဝန်ရှိသူများက ပညာရေးနှင့် ပတ်သက်၍ ဒေသခံများ အမြင်ကျယ်ကျယ်ဖြင့် အလေးထား အားပေးမှု ရှိအောင် တိုက်တွန်းအသိပေးကူညီကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အမြဲ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်သူကအားကိုးရပြီး နိုင်ငံတော်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ သည် စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် ရွှေတြိဂံဧည့်ခန်းမဆောင်၌ ပြုလုပ်သည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ၉ /၂၀၂၀ အစည်းအဝေးသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တပ်နယ်အသီးသီးမှ အရာရှိကြီးများ၏ ဇနီးများနှင့် အတူတက်ရောက်၍ ဆွေးနွေးပြော ကြားသည်။

ဆွေးနွေးပြောကြားရာတွင် အစည်းအဝေးသို့ အနီးကပ်တက်ရောက်လေ့လာပြီး အနီးကပ် သုံးသပ်ချက်များပြုလုပ်ပေးနိုင်သည့်အတွက် ဝမ်းသာမိပါကြောင်း၊ တပ်မတော် မိသားစုများ အနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေး၊ ပညာရေး အဆင့်အတန်း မြှော်မှန်းချက်မြှင့်တင်ရေးတို့အတွက် တပ်မတော်၏ ပံ့ပိုးကူညီလုပ်ဆောင်မှုများကို သိရှိနေ ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သားသမီးများအားလုံးကု အဆင့်မြင့်ပညာရေးများ အတွက် လမ်းညွှန်ပျိုးထောင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်မှလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပညာတတ်သူ၏ အတွေးအခေါ် မြော်မြင်မှုသည်  ပိုမိုကောင်းမွန် တန်ဖိုးရှိမည်ဖြစ်ပြီး တိုင်းပြည်အနာဂတ်အတွက် မြင့်မားသော တွေးခေါ်မြော်မြင်မှုများဖြင့် တိုင်းပြည်အတွက် လိုအပ်သည့် သားသမီးကောင်းများ၊ ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင် ကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း။

တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များအနေဖြင့် ဝတ်စားဆင်ယင်ရာတွင်လည်း မိမိ အဆင့်နှင့်လျော်ညီစွာ ယဉ်ကျေးမှုပုံစံနှင့်အညီ သပ်ရပ်စွာ ဝတ်စား ဆင်ယင် ခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ခင်ပွန်းသည် ဖြစ်သူ စစ်ဆင်ရေးနှင့်အခြားတာဝန်များ ထမ်းဆောင်နေရသည့်အတွက် မိမိကိုယ်ကိုယ် အားကိုးပြီး သားသမီးများကို ဦးဆောင်ဆောင်ရွက်နေကြရမှုများကို စာနာနားလည်ပါကြောင်း၊ မိမိ ကိုယ်တိုင်လည်း ၎င်းင်းအတွေ့အကြုံကို ဖြတ်သန်းခဲ့ရပါကြောင်း၊ ကိုယ့်အား ကိုယ်ကိုး မယိမ်းမယိုင် ကြံ့ကြံ့ခိုင်သောစိတ်ဓာတ်များ မွေးမြူရမည်ဖြစ်ကြောင်း၊ နယ်မြေဒေသ အသီးသီးမှ တပ်မတော်အတွင်း လာရောက်ဆုံဆည်း၍ ဘဝအရေး၊ တပ်မတော်အရေး၊ နိုင်ငံ့အရေးများကို ဆောင်ရွက်နေကြရာ မှန်ကန်သော အသိစိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး စာနာနားလည်မှုဖြင့် ချစ်ခင်စွာ လက်တွဲနေထိုင်ကြရန်လိုအပ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ  တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး၏ ဇနီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။