e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လို

e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လို

နေပြည်တော် မတ် ၂၂

မြန်မာနိုင်ငံ၏ e-Government  စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ဆောင်ရွက်နိုင်ရေးအတွက် e-IDစနစ်လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  e-ID စနစ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊  e-ID စနစ်လုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး  ကိုယ်တိုင် မတက်ရောက်နိုင်သည့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ  e-ID  စနစ်လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက  e-IDစနစ်လုပ်ငန်းသည် ယခင်အစိုးရ ကာလအတွင်းက ဆောင်ရွက်ရန်ကြိုးပမ်း ခဲ့သော်လည်း လုပ်ငန်းများရပ်တန့်နေပြီး ယခုအစိုးရကာလတွင် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရန်  ဆက်လက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်   e-Government  စနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း။

 ယခုနိုင်ငံတော် အစိုးရကာလအတွင်း ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို အတတ် နိုင်ဆုံးကြိုးပမ်းကာ  ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ e-ID စနစ်   အကောင်အထည်ဖော်ရာတွင် Unit-ID ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

ယခုကာလအတွင်း Unit-IDကို စတင် ဆောင်ရွက်ရန်   လျာထားရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီး သုံးခုမှ မြို့နယ် ၈၁ မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လျာထားကြောင်း၊ Unit-IDကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် ၁ဝ နှစ်နှင့် အထက်ရှိသူအားလုံးကို အီလက်ထရွန်နစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic Data) ခြောက်ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) သုံးမျိုးကောက်ယူခြင်းတို့ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုအပေါ် မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး National-ID  ခေါ် Smart Card ထုတ်ပေးရေး လုပ်ငန်းကို  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းအလိုက် အကောင်အထည်ဖော်ရန် ဆပ်ကော်မတီခြောက်ခုကို ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ e-ID  စနစ်လုပ်ငန်း သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်နှင့် လုပ်ငန်းကော်မတီဝင်များက e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းအကြံပေး ပညာရှင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းမှု၊ ပညာရှင်များလိုအပ်မှု၊ အသုံးပြုမည့် နည်းပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများလိုအပ်မှုနှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံနိုင်သည့်  လုပ်ငန်းဆိုင်ရာ  အခက်အခဲများကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြကြောင်း သိရသည်။