နေပြည်တော်ကောင်စီ နယ်မြေကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး စိမ်းလန်း သန့်ရှင်းတင့်တယ်သော မြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်    

နေပြည်တော်ကောင်စီ နယ်မြေကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး စိမ်းလန်း သန့်ရှင်းတင့်တယ်သော မြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်                      

နေပြည်တော်  မေ  ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ကန်ကြီးကျေးရွာအနီးရှိ မုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မုန်ရေထိန်းတမံ၏ ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနေမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စိုက်ပျိုးမြေဧက ၄၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိသည့် မုန်ရေထိန်းတမံ အပါအဝင် နေပြည်တော်ကောင်စီနယ်မြေရှိ ရေလှောင်တမံ ဆည်ကန်စုစုပေါင်း  ၃၂ ခုမှ စုစုပေါင်း စိုက်ပျိုးမြေ ဧက ၇၅၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပြီး ဆည်ရေသောက် ဧရိယာများအတွင်း စနစ်ကျ လယ်ယာမြေဧက ၁၀၀၀၀ကျော် ဖော်ထုတ်စိုက်ပျိုးလျက် ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ မိုးသီးနှံအဖြစ် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အပါအဝင် သီးနှံစုံ စုစုပေါင်းဧက ၃၃၄၀၀၀ ကျော်  စိုက်ပျိုးသွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့ ညောင်တုံးအိုင်ကျေးရွာအုပ်စု တရော်ပင်ကျေးရွာ နွေစပါးတစ်ဧက တင်း ၁၂၀ အထက်ထွက်ရှိရေး     စံပြကွင်း၏ စိုက်ပျိုး ဖြစ်ထွန်းနေမှုနှင့် ရွက်ဖျန်းမြေသြဇာ စုပေါင်း ပက်ဖျန်းနေမှုတို့ကို ကြည့်ရှုအားပေးပြီး  တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ   သီးနှံမျိုးကောင်း မျိုးသန့်ရွေးချယ် အသုံးပြုရန် လိုအပ်ချက်များ၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များ    လိုက်နာကျင့်သုံးရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အချိုးညီမျှတစွာ သုံးစွဲရန် လိုအပ်ချက်များနှင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးတို့ အတွက် တောင်သူပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့    ကံကြီးမွေးမြူရေးဇုန်သို့ ရောက်ရှိကြပြီး  မွေးမြူရေးတောင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်   တွေ့ဆုံ၍ မြေယာအသုံးချမှုများကို တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရေး၊   တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးနှင့် တိရစ္ဆာန်အစားအစာ ဖူလုံရေး၊   အရင်းအနှီးနှင့် နည်းပညာ ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ဈေးကွက် ဖော်ဆောင်ပေးနိုင်ရန်နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။