မြန်မာ့စွယ်စုံကျမ်း(မူသစ်) အတွဲ-၁ (က-ကုတ်) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ၊ ရန်ကုန်မြို့၌ စာပေပညာရှင်များ အတွက် စာဆိုဗိမာန်တစ်ခု တည်ဆောက်သွားမည်
ရန်ကုန် မေ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း (မူသစ်) အတွဲ-၁ (က-ကုတ်) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်း မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စာအုပ်မိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စွယ်စုံကျမ်း အောင်မြင်စွာ ထုတ်ဝေနိုင်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ စာပေဗိမာန် တည်ထောင်စဉ်ကပင် မြန်မာ့စွယ်စုံကျမ်း ထုတ်ဝေရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၁၉၅၄ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခု အတွဲ-၁(က-ကုတ်)တွင် တည်ပုဒ်အကြောင်းအရာနှင့် Glossary များ အပါအဝင် စာမျက်နှာ ၅၀၀ ခန့်ရှိပြီး အက္ခရာ (က-ကုတ်)အထိ အကြောင်းရပ်တည် ပုဒ်ပေါင်း ၄၂၅ ပုဒ်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပနှင့်ဆိုင်သော ရောင်စုံဓာတ်ပုံ၊ မြေပုံပေါင်း ၅၀၀ ခန့်ကိုလည်း ဝေဝေဆာဆာဖြင့် စိတ်ဝင်တစား ဖတ်ရှုချင်စဖွယ် ဖြစ်အောင် ထည့်သွင်း ဖော်ပြထားကြောင်း။
ယခင်စွယ်စုံကျမ်း အတွဲ(၁၅)ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုပြင် ထုတ်ဝေပါက ၂၅ တွဲခန့် ခန့်မှန်းထားသောကြောင့် ကျန်အတွဲများကိုလည်း ယခုအတွဲ -၁ (က-ကုတ်) ကဲ့သို့ အောင်မြင်စွာ ထုတ်ဝေသွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထွန်းဖောင်ဒေးရှင်း မိသားစုကိုယ်စား သားဖြစ်သူ ဦးသန့်ဇင်ထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ခန်းမပြင်ပ၌ ခင်းကျင်းပြသထားသည့် မြန်မာ့စွယ်စုံကျမ်း စာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စာပေပညာရှင်ကြီးများနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌တွေ့ဆုံ၍ ရန်ကုန်မြို့၌ စာဆိုဗိမာန် တည်ဆောက်ရေးအတွက် အဖွဲ့ဖွဲ့စည်းရေး အကြိုညှိနှိုင်း ဆွေးနွေးသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်သည့် နိုင်ငံတကာအဆင့်မီ စာဆိုဗိမာန် အဆောက်အအုံကို ရန်ကုန်မြို့၌ တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံအကျိုးပြု စာပေပညာရှင်များနှင့် သက်ဆိုင်သည့် စာအုပ်စာပေ ဓာတ်ပုံမှတ်တမ်းများ၊ ရုပ်တုများ စုစည်းထားရှိရန်၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ပြည်သူများစိတ်အပန်းဖြေ လေ့လာနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် စာပေပညာရှင်များက စာဆိုဗိမာန် တည်ဆောက်ရေးနှင့် ပတ်သက်၍ မြေနေရာရွေးချယ်ထားမှု အဆောက်အဦပုံစံ(အကြမ်း)၊ ထားရှိမည့်အခန်းပုံစံ(အကြမ်း)၊ ဆွေးနွေး အကြံပြုနိုင်မည့် ပညာရှင်များနှင့် အဖွဲ့များ ဖွဲ့စည်းရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ပဏာမညှိနှိုင်း ဆွေးနွေးကြသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြေ ၂ ဧကပေါ်တွင် စာပေပညာရှင်များ အတွက် စာဆိုဗိမာန်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စာဆိုဗိမာန်ကြီး နိုင်ငံတကာ အဆင့်မီ ပေါ်ပေါက်လာရေးအတွက် စာပေပညာရှင်ကြီးများ စုံစုံလင်လင် ဖြင့် ထပ်မံညှိနှိုင်း ဆွေးနွေးခြင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
