နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေး ကျောင်းအား သွားရောက်ကြည့်ရှု စစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေး ကျောင်းအား သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်  မေ  ၂၄

၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ရဲအရာရှိကြီးများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေး ကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရဲအရာရှိ လေ့ကျင့်ရေး ကျောင်းအတွင်းနှင့် လေ့ကျင့်ရေး  ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးပြီး အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား  ဘာသာရပ်များ သင်ကြားပို့ချပေးရာတွင် E-Library နှင့် စာကြည့်တိုက်ကို အဓိက အားထားရာနေရာအဖြစ် အသုံးချတတ်ရန်အတွက် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်၊ စာစောင်များအားလည်း ယခုထက်ပိုမို ထပ်မံဖြည့်တင်းထားရှိရန်လိုအပ်ကြောင်း၊  မှုခင်းဖော်ထုတ်မှု သရုပ်ပြသခြင်းနှင့် လေ့ကျင့်ရာတွင် ပီပြင်အောင် သင်ကြား လေ့ကျင့်ပေးရန်နှင့် မှုခင်းဖော်ထုတ်ရာတွင် နည်းပညာကိုသာမက အတွေးအခေါ်ကိုပါအခြေခံ၍ ကောက်ချက်ချနိုင်သည့် အရည်အချင်းရရှိအောင် လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် လက်တွေ့နယ်ပယ်တွင် တာဝန်ဝတ္တရားများထမ်းဆောင်ရာ၌ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းကျွမ်းကျင်စေရေးနှင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတာဝန်များ ထမ်းဆောင်နိုင်ရန် စစ်နည်းဗျူဟာ ပညာရပ်များကို သင်တန်းကာလအတွင်း ကျွမ်းကျင် တတ်မြောက်အောင် ကြိုးစား သင်ယူသွားကြရန်နှင့် သင်တန်းကျောင်းရှိ ပြတိုက်တွင် စွမ်းရည်၊ သတ္တိဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့သည့်  ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများ ထားရှိရန် လိုအပ်ကြောင်း။

စစ်နည်းဗျူဟာဘာသာရပ်များ သင်ကြားပို့ချရာတွင် အတွေ့အကြုံရှိပြီး လက်တွေ့နယ်ပယ်တွင် လုပ်ငန်းကျွမ်းကျင်မှု ရှိသည့် နည်းပြအရာရှိကောင်းများကို ရွေးချယ်တာဝန် ချထားပေးရန် လိုအပ်ကြောင်းနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပအောင် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းကျောင်းရှိ သင်တန်းသား စားရိပ်သာတွင် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၀၇/၂၀၂၁)နှင့် (၁၀၈/၂၀၂၂)တို့မှ သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။