ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ - ၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane , PVSM, AVSM, SM, VSM, ADC နှင့်ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး  အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Ketan Arun Mohite နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့အတွက် အပြန်အလှန်သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal  ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။