နေပြည်တော်၊ မီးဘေးကာကွယ်ရေး
မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)(အထူး)ဖွင့်လှစ်
မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း(အထူး)အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်း၌ ဇူလိုင် ၂၅ ရက်တွင်ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက အမှာစကားပြောကြားပြီးသင်တန်းတွင် အခြေခံ မီးငြှိမ်း သတ်နည်းစနစ်များ၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးစီမံချက် (Emergency Response Plan) ရေးဆွဲခြင်းများ၊ ရုံး/လုပ်ငန်းခွင် မီးဘေးလုံခြုံရေးများ၊ ကျေးလက်/မြို့ပြ မီးဘေးလုံခြုံရေးများ၊ အလိုအလျောက် မီးငြှိမ်းသတ်ရေးစနစ်များ၊ အရေးပေါ် သူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ၊ မီးသတ်စက်ကလေး လေ့ကျင့်ခန်းများ စသည့်ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး မီးသတ်ယာဉ်/စက်ယန္တရားများဖြင့် သရုပ်ပြခြင်းများကို မီးသတ်ဦးစီးဌာနရှိ အရာရှိကြီးများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၅၃ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၂ ရက်အထိ ရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မျိုးမျိုး