၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးမည်

ပြင်ဦးလွင်၊ စိုက်ပျိုးရေး

မြန်မာနိုင်ငံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက် ရေးဆွဲကာ အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး  ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရသည်။

ကုန်းမြင့်ကော်ဖီဖြစ်သော အာရေဗီးကားကော်ဖီကို ဇုန်လေးဇုန်ခွဲပြီး ဧက နှစ် သိန်း၊ မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာ ကော်ဖီကို ဇုန်သုံးဇုန်ခွဲပြီး ဧက တစ်သိန်း စုစုပေါင်းကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့ စိုက်ပျိုးမည်ဖြစ်သည်။

အာရေဗီးကားကော်ဖီစိုက်ပျိုးမည့် ဇုန်လေးဇုန်အနက် ဇုန်(၁)တွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တို့ပါဝင်ပြီး ဇုန်(၂)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံ၊ ပင်းတယနှင့် နောင်တရားမြို့နယ် တို့ပါဝင်ကြောင်း၊ ဇုန်(၃)တွင် ဟိုပုံး၊ ဟဲဟိုး၊

ပင်လောင်းနှင့် မဲနယ်တောင်တန်းဒေသတို့ ပါဝင်ကာ ဇုန်(၄)တွင်   ကျိုင်းတုံနှင့်တာချီလိတ်မြို့နယ်တို့ပါဝင်ကြောင်း သိရသည်။

အလားတူ ရိုဘတ်စတာကော်ဖီစိုက်ပျိုး မည့်ဇုန်သုံးဇုန်ကို    တနင်္သာရီတိုင်းဒေသကြီး၌ ဇုန်(၁)၊  ဧရာဝတီတိုင်းဒေသကြီး၌ ဇုန်(၂)နှင့် ကရင်ပြည်နယ်၌ ဇုန်(၃)ဟူ၍ သတ်မှတ်ကာ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးမည်ဖြစ်သည်။

“မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်မှာ အခုထက်ပိုပြီး ထိုးဖောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံကို ကော်ဖီအမြောက်အမြား တင်ပို့တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေဖို့အတွက်ရည်ရွယ်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာ့ကော်ဖီက ကမ္ဘာ့ ဈေးကွက်မှာ နေရာရပြီးသားဖြစ်တဲ့အတွက် အခုလိုတိုးချဲ့စိုက်ပျိုးတာကြောင့် ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေကပြောသည်။

ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကော်ဖီစိုက်တောင်သူ အစုအဖွဲ့များကို စိုက်ပျိုး နည်းသင်တန်းများ ပို့ချပေးပြီး ကော်ဖီမျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ပျိုးပင်များ၊ စိုက်ပျိုးနည်းစာအုပ်များ၊ စိုက်ပျိုး ရေးကိရိယာ များနှင့် တခြားအထောက်အကူ ပြုပစ္စည်းများ ပံ့ပိုးပေးလျက်ရှိသည်။လက်ရှိ   မြန်မာနိုင်ငံ၌   ကုန်းမြင့် ကော်ဖီစိုက်ဧက လေးသောင်း ခန့်နှင့် မြေနိမ့်ကော်ဖီစိုက်ဧက  တစ်သောင်းခန့်ရှိပြီး စုစုပေါင်းကော်ဖီစိုက်ဧက ငါးသောင်းခန့်ရှိကြောင်း သိရသည်။        

ဆောင်းဦး