အိန္ဒိယက MiG-21 တိုက်လေယာဉ်များ ပျံသန်းမှုကို ၂၀၂၅ ခုနှစ်အထိ ရပ်ဆိုင်း
အိန္ဒိယလေတပ်က အသုံးပြုနေသည့် သက်တမ်းကြာ MiG-21 တိုက်လေယာဉ်များ ပျံသန်းမှုကို ၂၀၂၅ ခုနှစ်အထိ ရပ်ဆိုင်းကြောင်း ပြည်တွင်းသတင်းစာတစ်စောင်က ဇူလိုင် ၃၀ ရက်တွင် ဖော်ပြထားသည်။
ဇူလိုင် ၂၈ ရက်ညပိုင်းတွင် လေ့ကျင့်ပျံသန်းမှု လုပ်ဆောင်သည့် MiG-21 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦးစလုံး ကွယ်လွန်ပြီးနောက် စစ်ဘက်၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
MiG-21 တိုက်လေယာဉ်များကို အနားပေးရမည့် အချိန်ထက်ပင် ကျော်လွန်ကာ ဆက်လက် အသုံးပြုနေရခြင်းဖြစ်ပြီး ထိုတိုက်လေယာဉ်များ နေရာတွင် မျိုးဆက်သစ် လေယာဉ်များနှင့် အစားထိုးလဲလှယ်ရန် လိုအပ်နေကြောင်း အမည်မဖော်လိုသူ လေတပ်အရာရှိများက ပြောသည်ဟု Times of India သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယလေတပ်၌ MiG-21 တိုက်လေယာဉ် အစင်းပေါင်း ၇၀ ကျော်ရှိရာ လေတပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန တို့က ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း တိုက်လေယာဉ်အသစ်များကို ဝယ်ယူလာသည်ကို တွေ့ရကြောင်း Wionသတင်းဌာနက ဖော်ပြထားသည်။
ဇူလိုင် ၂၈ ရက်ညပိုင်းတွင် ဖြစ်ပွားသော MiG-21 တိုက်လေယာဉ် ပျက်ကျမှုသည် အိန္ဒိယလေတပ်အတွက် ပြီးခဲ့သည့်နှစ်မှ စ၍ယခုအချိန်အထိ ခြောက်စင်းမြောက် MiG-21 တိုက်လေယာဉ်ပျက်ကျမှုဖြစ်ကာ လေယာဉ်မှူး ငါးဦးအထိ ကွယ်လွန်ထားပြီး ဖြစ်ကြောင်း သိရသည်။