အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၅၀ ဝန်းကျင် သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ဖြစ်ပွားသော ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ပြီးခဲ့သည့် သုံးရက်အတွင်း သေဆုံးသူအယောက် ၅၀ ဝန်းကျင်ရှိကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင် ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအများအပြား ရေလွှမ်းမိုးခံရကာ အိမ်များရေစီးနှင့်အတူမျောပါသွားပြီး ဒေသခံများမှာ သောင်တင်နေကြောင်းနှင့် ကယ်ဆယ်ရေး သမားများကလည်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရေး အတွက် အသည်းအသန် ကြိုးပမ်းနေရကြောင်း တာဝန်ရှိသူများက ဆက်ပြောသည်။
အထူးသဖြင့် ဟိမဝန္တာဒေသရှိ ဟီမာချယ်ပရာဒေ့ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားသည့်အတွက် ပြီးခဲ့သည့် သုံးရက်အတွင်း လူ ၃၆ ဦး သေဆုံးကြောင်း ပြည်နယ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အိမ်နီးချင်းတောင်တန်း ဒေသတစ်ခုဖြစ်သော ဥတ္တရာခန်းပြည်နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လေးဦးသေဆုံးကာ ၁၃ ဦး ပျောက်ဆုံးနေကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးက ဖော်ပြထားသည်။
ထို့ကြောင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရေးအတွက် ရဟတ်ယာဉ်များကို စေလွှတ်ထားကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်နေကြောင်း ဥတ္တရာခန်းပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ နိုင်ငံအရှေ့ပိုင်း သြရိဿပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်သည့် သဘာဝဘေးများကြောင့် သေဆုံးသူ လေးဦးရှိကာ လူပေါင်း ရှစ်သိန်းကျော်မှာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။