ဥဇဘက်ကစ္စတန်မှာ ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် စက်ရုံဆောက်မယ့် ဆော်ဒီအာရေဗျ
ဥဇဘက်ကစ္စတန်သမ္မတ တစ်ယောက် ဆော်ဒီအာရေဗျနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှု တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်ရောက်လာပါတယ်။
အဲဒီ ၁၄ ဘီလီယံထဲကမှ ၁၂ ဘီလီယံက နာတာရှည် စွမ်းအင်ပြတ်လပ်မှု အရေးကို ကိုင်တွယ်နိုင်ရေးအတွက် ကြိုတင်လျာထားမှု ဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန် သမ္မတ သယ်ဆောင်လာတဲ့ သဘောတူညီချက်တွေထဲမှာ ဆော်ဒီအာရေဗျ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ACWA Power အတွက် လေအား လျှပ်စစ်စက်ရုံတည်ဆောက်ပေးရမယ့် ကတိကဝတ်တွေလည်း ပါဝင်ပါတယ်။
ဒီလေအားလျှပ်စစ်စက်ရုံက ကာရာကယ်ပက်စတန်မှာ တည်ရှိမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁ ဒသမ ၅ ဂစ်ဂါဝပ် ထွက်ရှိကာ အိမ်ခြေ ၁ ဒသမ ၆၅ သန်းကို လျှပ်စစ်မီးပေးသွားမယ့် ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် စက်ရုံဖြစ်လာမယ်လို့ ဥဇဘက်ကစ္စတန် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း ACWA Power က ဘူခါရာဒေသမှာ အသေးစား လေအားလျှပ်စစ်စက်ရုံ နှစ်လုံးကို တည်ဆောက်လျက် ရှိပါတယ်။
ဒါ့အပြင် ACWA Powe ကုမ္ပဏီက ဥဇဘက်ကစ္စတန်နိုင်ငံမှာ အစိမ်းရောင် ဟိုက်ဒရိုဂျင်စွမ်းအင် အလားအလာအတွက် သုတေသနပြ သွားဖို့ကိုလည်း သဘောတူ ထားပါသေးတယ်။
အခုလိုမျိုး လေအားလျှပ်စစ်စက်ရုံ ဆောက်သွားမယ့် အစီအစဉ်ဟာ လျှပ်စစ် စွမ်းအင်ပြတ်လပ်မှုနဲ့ မကြာခဏကြုံနေရတဲ့ ဥဇဘက်ကစ္စတန်လို နိုင်ငံမျိုးအတွက်တော့ တကယ့်ကို သတင်းကောင်းပါပဲ။
ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့အမျှ ချောင်း၊ မြောင်းတိမ်ကောပြီး မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့လာရတဲ့ အချိန်မှာ ရေအားလျှပ်စစ်ကိုသာ အခြေခံထားရတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေး ကဏ္ဍက ခြိမ်းခြောက်ခံနေရတဲ့ အနေအထားကို ရောက်သွားပါတယ်။
ဒီအတွက်ကြောင့် နိုင်ငံရဲ့ပြည်သူလူထု အတွက် မဖြစ်မနေလိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လေအားကနေ ထုတ်လုပ် ပေးမယ့် ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်စက်ရုံကြီး နိုင်ငံအတွင်း ရောက်ရှိလာခြင်းဟာ ဥဇဘက်ကစ္စတန် နိုင်ငံအတွက် သတင်းကောင်း ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။