အမေရိကန်လေကြောင်းပြပွဲတစ်ခုတွင် လေယာဉ်နှစ်စင်းကောင်းကင်ယံတွင်ဝင်တိုက်

အမေရိကန်လေကြောင်းပြပွဲတစ်ခုတွင် လေယာဉ်နှစ်စင်းကောင်းကင်ယံတွင်ဝင်တိုက်

အမေရိကန်ပြည်ထောင်စု  တက္ကဆက်ပြည်နယ်တွင်ကျင်းပသည့် လေကြောင်းပြပွဲတစ်ခုတွင် လေယာဉ်နှစ်စင်း ကောင်းကင်ယံတွင်  ဝင်တိုက်မိခဲ့ကြောင်း  ပြည်ထောင်စုလေကြောင်းပျံသန်းရေး စီမံခန့်ခွဲမှုအဖွဲ့ (FAA)က  ထုတ်ပြန်သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း ထုတ်လုပ်သည့် B-17 Flying Fortress လေယာဉ်နှင့် Bell P-63 Kingcobra အမျိုးအစားလေယာဉ်များသည် Dallas Executive လေဆိပ်တွင်ကျင်းပသည့်  လေကြောင်းပြပွဲအတွင်း ပျံသန်းနေစဉ် နိုဝင်ဘာ ၁၂ ရက်  ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ  ၂၀ မိနစ်ခန့်တွင် ဝင်တိုက်ပြီးနောက်  မြေပြင်ပေါ်သို့ ပျက်ကျခြင်းဖြစ်သည်။  လေယာဉ်များ ဝင်တိုက်မိချိန်တွင် အဆိုပါလေယာဉ်များပေါ်တွင် လူမည်မျှလိုက်ပါလာသည်ကို မသိရသေးကြောင်း၊   သို့သော် လေယာဉ်ပျက်ကျမှုအတွင်း မြေပြင်ရှိ   လူတစ်ဦးတစ်ယောက်မျှဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း FAA က ဆက်လက်ထုတ်ပြန်သည်။

လေယာဉ်နှစ်စင်း  ဝင်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို    FAA နှင့် အမျိုးသား သယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ် အဖွဲ့တို့က   စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။         

 Ref: ST