အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍သတိပေးလိုက်သည့် IMF
အမေရိကန်နှင့် တရုတ်တို့၏ပြိုင်ဆိုင်မှု၊ တရုတ်နိုင်ငံအပေါ် အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်ကိုဖြစ်ပေါ်စေသည့်အပြင် ခုတ်ရာတခြား၊ ရှရာတခြားရလဒ်ကိုသာ ထွက်ပေါ်လာစေနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ညွှန်ကြားရေးမှူး ခရစ္စတာလီနာဂျီ အိုဂီဗာက သတိပေးလိုက်သည်။
ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့ကြားပြိုင်ဆိုင်မှုသည် ကမ္ဘာ့နိုင်ငံများအား ပိုမိုဆင်းရဲနွမ်းပါးလာစေနိုင်သည့်အပြင် ပိုမိုလုံခြုံမှုမရှိသော အခြေအနေသို့ ရောက်ရှိလာ စေနိုင်သည်ဟု ဂျီအိုဂီဗာက ဝါရှင်တန်ပို့သတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံအများအပြားသည် စစ်အေးကာလနှင့် ကြုံတွေ့ခဲ့ဖူးသောကြောင့် မျိုးဆက်သစ်များအတွက် စစ်အေးကာလသစ်တစ်ရပ် ထပ်မံပေါ်ထွက်လာစေရန် လုပ်ဆောင်ခြင်းသည် တာဝန်မဲ့ရာရောက်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ဂျီအိုဂီဗာသည် ဘူဂေးရီးယားနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သောကြောင့် စစ်အေးကာလ၏ အတွေ့အကြုံကို တွေ့ဆုံမေးမြန်းခန်းအတွင်း ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း တွေ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရကလည်း အမေရိကန်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ရာမှ နှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲ စတင်လာခြင်းဖြစ်သည်။
အဆိုပါကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် ကုန်သွယ်ရေးအငြင်းပွားမှုကို သမ္မတဟောင်းထရမ့်လက်ထက်တွင် အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသလို ယခုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း ထိရောက်စွာကိုင်တွယ်နိုင်ခြင်း မရှိသေးပေ။
အမေရိကန် အစိုးရအနေဖြင့် နိုင်ငံအတွင်း၌ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်အပေါ် ချမှတ်ထားသည့် အခွန်တိုးမြှင့်ကောက်ခံမှုကို ဖယ်ရှားပစ်ရန် နည်းလမ်းရှာဖွေလျက်ရှိသော်လည်း လက်ရှိအချိန်တွင် တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးသည်ကို တွေ့ရသည်။
ထို့ပြင် တရုတ်(တိုင်ပေ)အရေးနှင့်စပ်လျဉ်း၍လည်း အမေရိကန်နှင့် တရုတ်နိုင်ငံကြား သဘောထား ကွဲလွဲလျက်ရှိသောကြောင့် ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်သွင်းကုန်များအပေါ် ချမှတ်ထားသည့် အခွန်တိုးမြှင့်ကောက်ခံနေမှု အချို့ကို ဖယ်ရှားသင့်၊ မသင့်ချင့်ချိန်နေဖွယ်ရှိသည်။
အထူးသဖြင့် တရုတ်(တိုင်ပေ)သို့ အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပီလိုစီ ယခုနှစ်သြဂုတ်လ အတွင်းက လာရောက်ပြီးနောက် တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)အနီး ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုနှင့် တိုက်လေယာဉ်များကို ထိုင်ဝမ်ရေလက်ကြားသို့ စေလွှတ်ခြင်းတို့သည် တင်းမာမှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။
အလားတူပင် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှု၊ ဆိုက်ဘာလုံခြုံရေး၊ အငြင်းပွားဖွယ် ကိုဗစ်-၁၉ ရောဂါပိုး စတင်ဖြစ်ပွားသည့်နိုင်ငံစသည့် ကိစ္စရပ်များသည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်လာစေရန် အထောက်အကူ ပြုနိုင်ခဲ့ခြင်းမရှိပေ။
အမေရိကန်အစိုးရအနေဖြင့် ပဋိပက္ခများကို ရှောင်ရှားနိုင်ရေးအတွက် တရုတ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း တရုတ်နှင့် ဆက်လက်ပြိုင်ဆိုင်သွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ လူသိရှင်ကြားပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ ဂျိုးဘိုင်ဒင်တက်ရောက်လာပြီးနောက် မဟာဗျူဟာအချို့ကိုထုတ်ပြန်ခဲ့ပြီး တရုတ်နှင့်ရုရှားတို့အား အဓိကပြိုင်ဘက်နိုင်ငံများအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။
ထုတ်ပြန်ထားသည့် မဟာဗျူဟာများအရ အမေရိကန်အစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကိုသာမက မဟာမိတ်နိုင်ငံများအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်တားဆီးမည် ဖြစ်သည်။
ထို့ပြင် မဟာမိတ်နိုင်ငံများ၏ အကျိုး စီးပွားကို ကာကွယ်နိုင်ရေးအတွက် ယင်းနိုင်ငံများ၏ စွမ်းဆောင်ရည်များကိုပါ မြှင့်တင်ပေးမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန် အစိုးရသည် တရုတ်၏ လွှမ်းမိုးမှုချဲ့ထွင်လာခြင်းကို တန်ပြန်နိုင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအပြင် တရုတ်တို့နှင့် ဆက်ဆံရေး တင်းမာနေသည့် နိုင်ငံများကို တစ်နည်းနည်းဖြင့် ထောက်ခံအားပေးလျက် ရှိသည်။
ထို့ကြောင့် အမေရိကန်အစိုးရက လုပ်ဆောင်နေသည့် အဆိုပါ ဆောင်ရွက်ချက်များသည် တရုတ်နှင့်ဆက်ဆံရေး ကောင်းမွန်တိုးတက်လာစေရန် အလားအလာနည်းပါးလျက်ရှိသည်ဟု ဆိုနိုင်သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်ယခုရက်သတ္တပတ်အကုန်ပိုင်းက ကျင်းပခဲ့သည့် သက်တမ်းဝက် ရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ်ပါတီက မဲအများစုကို ရရှိခဲ့ပြီး အထက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင် အမေရိကန်အစိုးရအတွက် အားသာချက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဂျိုးဘိုင်ဒင်က အတိအလင်းပြောကြားခဲ့သောကြောင့် IMF အဖွဲ့က မည်သို့ပင် သတိပေးထားလင့်ကစား ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုသည် လျော့ကျမှု မရှိဘဲ ပိုမိုမြင့်တက်လာမည့် အလားအလာရှိနေသည်။
Ref: RT,ST