ဗုံးခွဲတိုက်ခိုက်မှုအပေါ် အမေရိကန်၏ ဝမ်းနည်းစကား တူကီယဲလက်မခံ

ဗုံးခွဲတိုက်ခိုက်မှုအပေါ် အမေရိကန်၏ ဝမ်းနည်းစကား တူကီယဲလက်မခံ

တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့၌ ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအပေါ် အမေရိကန်က ပေးပို့လာသော    ဝမ်းနည်းစကားကို လက်မခံကြောင်း  တူကီယဲပြည်ထဲရေးဝန်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁၃ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လူခြောက်ဦးသေဆုံးကာ ၈၁ ဦးဒဏ်ရာ ရရှိထားကြောင်းနှင့် ယင်းတိုက်ခိုက်မှုကို   ဆီးရီးယားရှိ ကာ့စစ်သွေးကြွများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ပြည်ထဲရေးဝန်ကြီး  ဆူလေမန်ဆွိုင်လူက နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။

ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးကနေ   ဝမ်းနည်းကြောင်းစာလွှာပါးမှုကို ရရှိပါတယ်။ ဒါပေမဲ့ အရင်တုန်းက ကာ့စစ်သွေးကြွတွေကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေခဲ့တဲ့ အမေရိကန်ရဲ့ ဝမ်းနည်းစကားကို ကျွန်တော်တို့ လက်မခံပါဘူးဟု ပြည်ထဲရေးဝန်ကြီးက Tass သတင်းဌာနသို့ပြောသည်။

အမေရိကန်သည် ဆီးရီးယားပြည်တွင်းစစ်တွင်ဝင်ပါစဉ်  ကာ့တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးခြင်း၊   လေ့ကျင့်မှုပေးခြင်း၊ လေကြောင်းမှ ထောက်ပံ့မှုပေးခြင်းတို့ ဆောင်ရွက်ခြင်းအားဖြင့် ထိုတပ်ဖွဲ့၏ စွမ်းရည်ကို တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုးမြှင့်ပေးမှုက တူကီယဲ၏ နိုင်ငံတော်လုံခြုံရေးကို ထိပါးစေကြောင်း တူကီယဲအစိုးရက ပြောထားသည်။

နိုဝင်ဘာ ၁၃ ရက်ဗုံးခွဲတိုက်ခိုက်မှုသည် အစ္စတန်ဘူမြို့ရှိ   ပြည်ပခရီးသွားများကို ဆွဲဆောင်ရာ နေရာတစ်ခု၌ ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ လူ ၄၆ ဦးကို ဖမ်းဆီးထားကြောင်း၊ ထိုအထဲတွင် ဗုံးကိုပစ်ချသွားသည့်အမျိုးသမီးတစ်ဦးအပြင် ဗုံးခွဲတိုက်ခိုက်မှုအတွက် ကြံရာပါများလည်း ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုပုံစံအမျိုးမျိုးကို တိုက်ဖျက်ရာတွင်   တူကီယဲအစိုးရ တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်းနှင့် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်အတွက်  ဝမ်းနည်းကြောင်း သတင်းစကားပေးပို့ထားသည်ဟု သိရသည်။                 

Ref:RT