ရှီကျင့်ဖျင်နှင့်ဂျိုးဘိုင်ဒင်တို့ ဘာလီ၌ တွေ့ဆုံ ပဋိပက္ခကို ရှောင်ရှားမည်ဟု ကတိပြု

ရှီကျင့်ဖျင်နှင့်ဂျိုးဘိုင်ဒင်တို့ ဘာလီ၌ တွေ့ဆုံ ပဋိပက္ခကို ရှောင်ရှားမည်ဟု ကတိပြု

G-20 ထိပ်သီးညီလာခံတက်ရောက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခကိုရှောင်ရှားမည်ဟု ကတိပြုကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို သင့်တင့်လျောက်ပတ်စွာ ထိန်းကျောင်းသွားမည်ဟု တစ်ကမ္ဘာလုံးက မျှော်လင့်ထားကြောင်း ရှီကျင့်ဖျင်က ပြောသည်။

အလားတူ  ဂျိုးဘိုင်ဒင်ကလည်း ၎င်းအနေဖြင့် နှစ်နိုင်ငံကြား မတူကွဲပြားမှုများကို ကောင်းစွာစီမံ ကိုင်တွယ်ရေးအတွက် ကြိုးပမ်းပြီး  နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားမှု မရှိစေရေးအတွက် ယှဉ်ပြိုင်မှုကို ကာကွယ်သွားမည်ဟု ပြောသည်။

ယခုကဲ့သို့  သမ္မတနှစ်ဦးတွေ့ဆုံမှုသည် ဂျိုးဘိုင်ဒင်က  အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်   ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်။

ကမ္ဘာကြီးက လမ်းဆုံသို့ရောက်ရှိလာနေပါပြီ။ ဒီအတောအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးကို စိတ်ဝမ်းကွဲစေတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားပါမယ်ဟု ရှီကျင့်ဖျင်က ပြောသည်။

နိုင်ငံတော် အကြီးအကဲတစ်ဦးအနေဖြင့် ၎င်း၏နိုင်ငံကို ဦးဆောင်နိုင်ရေးအတွက် တွေးတောမြော်မြင်ထားပြီး  မည်ကဲ့သို့ ဦးဆောင်မည်နှင့် ပတ်သက်၍ သိရှိထားရမည်ဖြစ်ကြောင်း၊  ထို့ပြင် အခြားသောနိုင်ငံများ၊ တစ်ကမ္ဘာလုံးနှင့် လိုက်လျောညီထွေရှိအောင် မည်ကဲ့သို့ဆောင်ရွက်ရမည် ဆိုသည့်အချက်ကိုလည်း သိရှိထားရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဂျိုးဘိုင်ဒင်ကို ပြောသည်။

ထို့ပြင် နှစ်နိုင်ငံစလုံးသည် ကြေးမုံပြင်တစ်ချပ်ကဲ့သို့ သမိုင်းကြောင်းကို ရေးထိုးနိုင်ကာ အနာဂတ်ကို လမ်းညွှန်ပေးရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်။

ထိုင်ဝမ်ကျွန်းအရေးနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာပြီးနောက် စစ်ရေးကဏ္ဍ အပါအဝင် ကဏ္ဍအများအပြား၌ ပူးပေါင်းဆောင်ရွက်မှုများကို ဖြတ်တောက်ထားစဉ် ခေါင်းဆောင်နှစ်ဦးက ယခုကဲ့သို့ ဆွေးနွေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: TST