ယူကရိန်းပဋိပက္ခက ပေါင်းစပ်စစ်ပွဲဖြစ်ဟု ရုရှားပြော
ယခုဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခသည် ပေါင်းစပ်စစ်ပွဲဖြစ်ကြောင်းနှင့် ထိုစစ်ပွဲတွင် ရုရှားနိုင်ငံက အနောက်နိုင်ငံများနှင့် ရင်ဆိုင်နေရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနေသည့် G-20 ထိပ်သီးညီလာခံတွင်ပြောသည်။
ထို့ပြင် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများသည် G-20 ထိပ်သီးညီလာခံပူးတွဲကြေညာချက်တွင် ယူကရိန်း အရေးကိုထည့်သွင်းရန် တွန်းအားပေးလုပ်ဆောင်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားသည့် နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။
သူတို့က ရုရှားနိုင်ငံရဲ့ယူကရိန်းအပေါ် လုပ်ဆောင်ချက်တွေကို အပြစ်တင်ရှုတ်ချဖို့အတွက် ရုရှားနိုင်ငံကိုယ်တိုင် ပါဝင်နေတဲ့ G-20 ထိပ်သီးညီလာခံကို အသုံးချဖို့ လုပ်နေပါတယ်။ အခုလိုလုပ်ခြင်းဟာ ဒီထိပ်သီးညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ် ဟု ဆာဂျီလက်ရော့က ပြောသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခသည် အနောက်အုပ်စုက နှစ်ပေါင်းများစွာကြာ ကြိုတင်ပြင်ဆင်ထားသော ပေါင်းစပ်စစ်ပွဲဖြစ်ကြောင်း၊ ထိုပြင်ဆင်မှုကို ၂၀၁၄ခုနှစ်တွင် ဖြစ်ပွားသည့် ယူကရိန်းနိုင်ငံအတွင်း အာဏာသိမ်းမှုနှင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဆာဂျီလက်ရော့က ဆက်ပြောသည်။
နှစ်နှစ်အတွင်း ယူကရိန်းစစ်သည် ၁၅၀၀၀ ကို လေ့ကျင့်ပေးရန်ရည်မှန်းထားသည့် ဥရောပသမဂ္ဂ၏ လုပ်ဆောင်ချက်ကို ယခုသီတင်းပတ်အတွင်းစတင်မှုသည် အနောက်နိုင်ငံများအနေဖြင့် ပေါင်းစပ်စစ်ပွဲတွင် မည်ကဲ့သို့ ပါဝင်ရန် ကြိုးပမ်းနေမှု၏ ဥပမာဖြစ်ကြောင်း ဆာဂျီလက်ရော့က ဆိုသည်။
အလားတူ ယူကရိန်းစစ်သည်များကို လက်နက်တပ်ဆင်ကာ ငွေကြေးထောက်ပံ့ပေးမှု၊ စစ်ရေး လုပ်ဆောင်မှုအတွက် ပစ်မှတ်ရွေးချယ်ရာမှာ ထောက်လှမ်းရေးသတင်းနဲ့ အကူအညီပေးအပ်မှုတို့က အနောက်အုပ်စု အနေနဲ့ ယူကရိန်းပဋိက္ခအတွင်း ပါဝင်နေတယ်ဆိုတာကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်ဟု သိရသည်။
Ref: RT