စွမ်းအင်နဲ့စားနပ်ရိက္ခာဖူလုံရေးကို လက်နက်အဖြစ်အသုံးမချရန် သတိပေးလိုက်တဲ့ရှီကျင့်ဖျင်

စွမ်းအင်နဲ့စားနပ်ရိက္ခာဖူလုံရေးကို လက်နက်အဖြစ်အသုံးမချရန် သတိပေးလိုက်တဲ့ရှီကျင့်ဖျင်

G-20 ထိပ်သီးညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ နိုဝင်ဘာ ၁၅ ရက်က စတင်ကျင်းပနေပါပြီ။ ဒီထိပ်သီးညီလာခံဟာ ယနေ့ခေတ်ကမ္ဘာ့နိုင်ငံရေး အခြေအနေအတွက် သိပ်ကိုအရေးကြီးတဲ့ ညီလာခံတစ်ခုလို့တောင် တင်စားလို့ရပါတယ်။

ဒီနေ့ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့ဟာ လူ့အသက်တွေကို ကြက်ကလေး၊ ငှက်ကလေး တစ်ကောင်လောက်တောင်မှ တန်ဖိုးမထားတဲ့ပုံစံနဲ့ လုပ်ဆောင်လာတာတွေမျိုးကိုလည်း မြင်တွေ့ လာရပါတယ်။

ဒီအချိန်မှာ  ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့  တရုတ်နိုင်ငံရဲ့ သမ္မတရှီကျင့်ဖျင်က လူ့အသက်တွေကို ကစားနေတဲ့ အင်အားကြီးနိုင်ငံတချို့ကို သတိပေးစကားပြောလိုက်တာ ရှိပါတယ်။

အဲဒါကတော့  လူသားအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာများ ဖူလုံရေးကို   နိုင်ငံရေးအနေနဲ့သော်လည်းကောင်း၊  လက်နက်တစ်ခုအနေနဲ့ သော်လည်းကောင်း အသုံးမချဖို့ သတိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

စားနပ်ရိက္ခာနဲ့စွမ်းအင်ဖူလုံရေးက ဒီကနေ့ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ဖိအားအများဆုံးစိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဒီပြဿနာများကို ဖြေရှင်းဖို့ အတွက်က နည်းပညာနဲ့ ဆက်စပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့လိုအပ်ပါလိမ့်မယ်လို့ ရှီကျင့်ဖျင်ကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းရဲ့အကြောင်းရင်းခံက  ကုန်ထုတ်လုပ်မှုနဲ့ ဝယ်လိုအားကနေ ဖြစ်ပေါ်လာခြင်းသာ မကဘဲ ထောက်ပံ့ရေး ကွင်းဆက်ပြဿနာကနေ ထွက်ပေါ်လာတာပါ။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကလည်း ဟန့်တားနှောင့်ယှက်မှုနဲ့ ကြုံဆုံနေရပါပြီ လို့ ရှီကျင့်ဖျင်က ဆက်ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နိုင်ရေးအတွက် ဘဏ်အတိုးနှုန်းကို တိုးမြှင့်နေတာနဲ့ပတ်သက်ပြီး G-20 အဖွဲ့ဝင် ချမ်းသာတဲ့နိုင်ငံများ အနေနဲ့ ဘဏ်အတိုးနှုန်းတိုးမြှင့်မှုကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ထိန်းသိမ်းဖို့လည်း ရှီကျင့်ဖျင်က ပြောထားပါသေးတယ်။

ကျွန်တော်တို့အနေနဲ့ တစ်ကမ္ဘာလုံးငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရပါမယ်။ ဒါ့အပြင် စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ တွေ့ကြုံရမယ့် အန္တရာယ်တွေကိုလည်း ဖြေရှင်းရပါမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများအနေနဲ့ သူတို့ရဲ့ ငွေကြေးမူဝါဒချိန်ညှိမှုကနေ ထွက်ပေါ်လာမယ့် အပြုသဘောမဆောင်တဲ့ အကျိုးဆက်တွေကို ပြေလျော့စေဖို့ လုပ်ဆောင်ရပါမယ်။

ဒါတင်မကသေးပါဘူး။ အကြွေးများကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေတစ်ခုမှာရှိနေစေဖို့ လုပ်ဆောင်ရဦးမှာပါလို့ ရှီကျင့်ဖျင်က  ဆက်ပြောထားပါတယ်။

ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက် အနောက်အုပ်စုက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် ကမ္ဘာ့စက်သုံးဆီနဲ့ စားနပ်ရိက္ခာဈေးနှုန်းများ အဆမတန် ထိုးတက်လာတာပါ။

ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ စက်သုံးဆီသာမက ကောက်ပဲသီးနှံများအပါအဝင် စားနပ်ရိက္ခာများကို အများဆုံးတင်ပို့နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဒီလိုနိုင်ငံကိုမှ  အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုတွေ  ချမှတ်လိုက်တဲ့အတွက် သူ့ဆီကစွမ်းအင်တွေနဲ့ စားနပ်ရိက္ခာတွေဟာ ကမ္ဘာ့ဈေးကွက်ထဲကို မရောက်တော့ဘဲ ရောင်းလိုအားနည်းပါးတဲ့အဖြစ်ကို ရောက်သွားပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့စက်သုံးဆီနဲ့  စားနပ်ရိက္ခာဈေးနှုန်းတွေ အဆမတန်   မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါဟာ အနောက်အုပ်စုအနေနဲ့ လူသားအားလုံးလိုအပ်တဲ့ စွမ်းအင်နဲ့စားနပ်ရိက္ခာကို လက်နက်အဖြစ် အသုံးချပြီး ရုရှားအပေါ် တိုက်ခိုက်နေခြင်း ဖြစ်တာကိုတွေ့ရပါတယ်။

ဒီလိုလုပ်ဆောင်နေခြင်းဟာ လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် သိပ်ကိုကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်တာကြောင့် ရှီကျင့်ဖျင်အနေနဲ့ အခုလိုမျိုး သတိပေးစကားကို ပြောလိုက်ခြင်းသာ ဖြစ်ပါတယ်။

Ref: SCMP