ရန်ကုန် သြဂုတ် ၁ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအခြေစိုက် TBEA Electrical and Powering Co., Ltd. မှ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း တို့က အမှာစကား ပြောကြားပြီး TBEA Electrical and Powering Co., Ltd မှ အထွေထွေ မန်နေဂျာ Mr. Liu Zhi Fei က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
ထို့နောက် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် TBEA Electrical and Powering Co., Ltd. မှ အထွေထွေမန်နေဂျာ Mr. Liu Zhi Fei တို့က နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အခြေစိုက် TBEA Electrical and Powering Co., Ltd. မှ ငွေကျပ် သိန်း ၁၂ဝ တန်ဖိုးနှင့် ညီမျှသော နှာခေါင်းစည်း တစ်သိန်းခွဲကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။