မကွေးတိုင်းဒေသကြီး၌ ဇန်နဝါရီ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၇၁ ဦးရှိပြီး ယင်းတို့ထဲမှ ကလေးငယ်လေးဦး သေဆုံးကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးဖြစ်ပွားရာ၌ ဧပြီလတွင် မြို့သစ်မြို့မှ တစ်ဦး၊ ဇူလိုင်လတွင် သရက်မြို့မှနှစ်ဦးနှင့် ပေါက်မြို့နယ်မှ တစ်ဦး စုစုပေါင်း ကလေးငယ်လေးဦး သေဆုံးခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံး မြို့များမှာ သရက်၊ ပခုက္ကူ၊ မင်းတုန်း၊ ပေါက်၊ ဂန့်ဂေါ၊ မြိုင်၊ တောင်တွင်းကြီးနှင့်မြို့သစ်မြို့နယ်တို့ဖြစ်သည်။
''၂ဝ၁၈ ခုနှစ်တုန်းက တစ်နိုင်ငံလုံးမှာ မကွေးတိုင်းဒေသကြီးက ဒုတိယအဖြစ် အများဆုံးပေါ့။ ကာကွယ်ရေးလုပ်ငန်းတွေ သေချာလုပ်နိုင်ခဲ့လို့ ၂ဝ၂ဝ ပြည့်နှစ်မှာ အဆင့်(၅)အထိ ကျသွားပါတယ်။ ဖြစ်ပွားမှု လျော့ကျအောင် မေ၊ ဇွန်၊ ဇူလိုင်နဲ့သြဂုတ်လတို့မှာ တစ်ပတ်ကိုနှစ်ရက် ကာကွယ်ရေးနဲ့ အသိပညာပေး စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်''ဟု ငှက်ဖျားဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်သာဆွေ က ပြောသည်။
သွေးလွန်တုပ်ကွေး ရောဂါမှာ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုက်သည့် ခြင်ကြောင့် ဖြစ်ပွားမှုများကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။