ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းကြသူများ၏စကားသံ

 

ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းကြသူများ၏စကားသံ

နေပြည်တော်  အောက်တိုဘာ  ၂၅

မြန်မာတို့၏ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်ဇာတိဂုဏ်ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟုဝင့်ဝင့်ထည်ထည်ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင် ထိန်းသိမ်းသွားကြရန်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းနှင့် ထိုလူမျိုး၊ ထိုနိုင်ငံ၏ယဉ်ကျေးမှု သမိုင်းသည် အတူယှဉ်တွဲ၍ပါလာသည့်အတွက် ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားနိုင်သည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အမှတ်အသားအသက်ဝိညာဉ်လည်း ဖြစ်သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နေပြည်တော်တွင်ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ယဉ်ကျေးမှု အမွေကို ထိန်းသိမ်းကြသူများ၏ စကားသံများမှာ-

ဒေါ်ခင်ချမ်းငြိမ်း၊ အဆိုပြိုင်ပွဲ

ကာလပေါ်၊ ဝါသနာရှင်(ပထမတန်း)

ရန်ကုန်တိုင်းဒေသကြီးကနေလာရောက်ပြိုင်ပွဲဝင်တာပါ။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးကို ပဉ္စမအကြိမ်မြောက် ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တာဖြစ်ပြီး စပြိုင်တုန်းကတော့ အခြေခံပညာအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဆင့်မြင့်ပညာအဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ အခုအချိန်မှာတော့ ဝါသနာရှင်(ပထမတန်း)အဆင့်  ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အဆင့်မြင့်ပညာအဆင့် ဓမ္မတေးမှာ ငွေတံဆိပ်ဆုတစ်ကြိမ်နဲ့မနှစ်ကဝါသနာရှင်(ပထမတန်း) မဟာဂီတပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဝါသနာရှင်(ပထမတန်း)အဆင့်မှာ မဟာဂီတနဲ့ ကာလပေါ်အတွက် သီချင်းစုစုပေါင်း ၁၄ ပုဒ်ရှိပါတယ်။ မဲနှိုက်ပြီးပေါက်တဲ့သီချင်းကလည်း ကိုယ်ကြိုက်တဲ့ သီချင်းဖြစ်နေတဲ့အတွက် ပိုပြီးဝမ်းသာ ရပါတယ်။ အခုလို မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊တီးပြိုင်ပွဲတွေကို  နှစ်စဉ်မပျက်မကွက် ကျင်းပပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါမှလည်း မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်ထဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာတွေကို ပိုမိုတန်ဖိုးထားတတ်လာမှာဖြစ်ပြီး မျိုးချစ်စိတ်ထက်သန်တဲ့ နိုင်ငံသား ကောင်းတွေဖြစ်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပပေးနေတာဖြစ်တဲ့အတွက်  ဂီတအနုပညာ ဝါသနာရှင် မျိုးဆက်သစ်လေးတွေ အနေနဲ့လည်း နောင်နှစ်တွေမှာကျင်းပမယ့်ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေမှာ ကြိုးစားပမ်းစားနဲ့ ပါဝင်ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မောင်လင်းညီညီခန့်၊ မွန်ပြည်နယ်၊

အကပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း)

ပြိုင်ပွဲမှာ  အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလို လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာရောက်ယှဉ်ပြိုင်ကြတဲ့အတွက်   တိုင်းရင်းသားပေါင်းစုံ စုပေါင်းတဲ့   ရိုးရာပြိုင်ပွဲလို့ပြောရမှာပါ။

အခုလို   ပြိုင်ပွဲတွေလုပ်ပေးတဲ့အတွက် မျိုးဆက်သစ်ဝါသနာရှင် လူငယ်လေးတွေအတွက် အများကြီး အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲကြီးကနေ ထူးချွန်ထက်မြက်တဲ့  မျိုးဆက်သစ်လူငယ်လေးတွေ အများကြီးမွေးထုတ်ပေးနေသလိုပါပဲ။

အခုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့အတွက် အတွေ့အကြုံအသစ်တွေ၊ အသိမိတ်ဆွေအသစ်တွေလည်း ရပါတယ်။  နောင်လာမယ့်နှစ်တွေမှာလည်း အခုလိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။ မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေကြတဲ့ မျိုးဆက်သစ်လူငယ်တွေကိုလည်း အခုလိုကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့အတွက် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ပြိုင်ပွဲကြီး ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိလူကြီးမင်းများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မခြူးရတနာစိမ့်၊ ဝါသနာရှင်

ဒုတိယတန်း၊ စောင်းအတီးပြိုင်ပွဲ

ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်ယှဉ်ပြိုင်တာပါ။ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခြောက်လလောက် အချိန်ယူ လေ့ကျင့်ခဲ့ပါတယ်။ ယခင်နှစ်က အဆင့်မြင့်ပညာအဆင့်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး

ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် နောင်လာမည့် မျိုးဆက်သစ်တွေအပြင် မြန်မာ့ယဉ်ကျေးမှုကို ရိုးရာမပျက် ထိန်းသိမ်းနိုင်မယ်။  အစဉ်အလာမပျက် ထိန်းသိမ်းနိုင်ပါတယ်။  အခုဆို  မြန်မာ့ယဉ်ကျေးမှုမှာ တချို့သောအရာတွေမှာ ပျောက်ကွယ်လုဖြစ်နေတာတွေ အများကြီး ရှိပါတယ်။ အခုဆို ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တွေမှာထည့်သွင်း ကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်လူငယ်လေးများအတွက် မြန်မာ့ရိုးရာကို  ထိန်းသိမ်းရမည့် တာဝန်ဆိုတဲ့ အသိတွေပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။

သက်နိုင်ဝင်း၊ ပြည့်ဖြိုးဦး