(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ယှဉ်ပြိုင်မှုများ အောင်မြင်စွာ ကျင်းပပြီးစီး
နေပြည်တော် အောက်တိုဘာ ၃၀
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယနေ့တွင် ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပခဲ့ပြီး ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ”ဇာတ်တော်ကြီးဖြင့် မွန်ပြည်နယ် ကိုယ်စားပြု မင်းနိုင်စိုး ဇာတ်အဖွဲ့က မူရင်းမဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြောပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။ ဇာတ်တော်ကြီးပြိုင်ပွဲသို့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများ လာရောက်ကြည့်ရှု အားပေးကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ယှဉ်ပြိုင်မှုများသည် ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်၏ပံ့ပိုးကူညီမှုနှင့်အတူ ငွေအား၊ လူအား၊ အချိန်အား များစွာစိုက်ထုတ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အစဉ်သဖြင့် တည်တံ့ရှင်သန်နေစေရန် အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်တွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် ကျင်းပ သွားမည်ဖြစ်ပြီး ကျင်းပပုံများကို နံနက် ၇ နာရီ မိနစ် ၅၀ မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MRTV-HD Channel ၊ MRTV News Channel ၊ MRTV Far-mers' Channel ၊ MRTV Parliament Channel ၊ MITV ၊MWD-HD Channel ၊ MWD Variety HD Channel နှင့် MOIWebsite ၊ MOI Youtube ၊ MRTV APPအပါအဝင် Online တို့မှ တိုက်ရိုက် (LIVE)ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှလည်း တိုက်ရိုက်(LIVE)ထုတ်လွှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။