အစ္စရေးနှင့် ဟားမတ်တို့က အပစ်အခတ်ရပ်စဲမှုကို ထပ်မံ သက်တမ်းတိုး

 

အစ္စရေးနှင့် ဟားမတ်တို့က အပစ်အခတ်ရပ်စဲမှုကို ထပ်မံ သက်တမ်းတိုး

 

    အစ္စရေးနှင့်ဟားမတ်တို့က လက်ရှိရရှိထားသည့် အပစ်အခတ်ရပ်စဲမှု သက်တမ်းကို  နောက်ထပ် တစ်ရက်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း ကာတာမှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါနှစ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးကို လေးရက်ကြာ အကောင်အထည်ဖော်ရန်  မူလက သဘောတူထားခြင်းဖြစ်သော်လည်း ယင်းနောက်တွင် နောက်ထပ်နှစ်ရက်နှင့်  နောက်ထပ်တစ်ရက် ထပ်မံသက်တမ်း တိုးလာခြင်းဖြစ်သည်။

ယခုအပစ်အခတ်ရပ်စဲမှု တစ်ရက်ကြာ သက်တမ်းတိုးမှုသည် နိုဝင်ဘာလ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် အပစ်အခတ် ရပ်စဲမှု ဒုတိယမြောက် သဘောတူညီချက် သက်တမ်းမကုန်ဆုံးမီ မိနစ်ပိုင်းအလိုတွင် ရရှိခြင်းဖြစ်သည်။

သက်တမ်းတိုးလိုက်သည့် သဘောတူညီချက်အရ ဟားမတ်တို့က အစ္စရေးဓားစာခံ ၁၀ ဦးနှင့် အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသားအယောက် ၃၀ ကို စေလွှတ်ပေးရမည်ဖြစ်သည်။

ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းကို ဂါဇာကမ်းမြောင် ဒေသသို့ ဝင်ခွင့်ပြုရမည်ဖြစ်သည်။

လက်ရှိအချိန်အထိ ဟားမတ်အဖွဲ့က ပြန်လွှတ်ပေးလိုက်သည့် အစ္စရေးဓားစာခံ အယောက် ၁၀၀ နီးပါးရှိပြီဖြစ်သော်လည်း ဟားမတ်တို့ လက်တွင်း၌ ဓားစာခံ ၁၄၅ ဦး ကျန်ရှိနေသေးကြောင်း အစ္စရေး အစိုးရက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ဂျေရုဆလင်ရှိ ဘတ်စကားဂိတ်တစ်ခု၌ သေနတ်သမားနှစ်ဦး၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။