ယူကရိန်း တာဝန်ရှိသူများက ရုရှားနှင့် စစ်ပြေငြိမ်းရေးအတွက် အသင့်ပြင်ဆင်နေဟုဆို
အနောက်အုပ်စုနှင့် ယူကရိန်းနိုင်ငံရေး သမားအချို့က ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ပြည်သူများကို အသင့်ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယူကရိန်း နိုင်ငံရေး သိပ္ပံပညာရှင် ရူစလန်ဘော့နစ်က ပြောသည်။
“အနောက်အုပ်စု မီဒီယာများနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံရေးသမား တချို့က လက်ရှိပဋိပက္ခမှာ စစ်ပြေငြိမ်းစေဖို့အတွက် ပြင်ဆင်မှုတွေ လုပ်လာနေပါပြီ”ဟု အဆိုပါနိုင်ငံရေး သိပ္ပံပညာရှင်က ပြောထားခြင်းဖြစ်သည်။
ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းနေသည့် အကြောင်းရင်း နှစ်ချက်ရှိကြောင်း၊ တစ်ခုမှာ အနောက်အုပ်စုမှ ရရှိနေသည့် အကူအညီများ လျော့နည်းလာခြင်းဖြစ်ကြောင်းနှင့် နောက်ထပ်အကြောင်းရင်း တစ်ခုမှာ နိုင်ငံ၏နယ်မြေ အများအပြားကို ပိုင်နက်ထဲသို့ ဆွဲသွင်းရန်ကြိုးပမ်းမှု မအောင်မြင်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အထူးသဖြင့် အနောက်အုပ်စု၏ အခြေအနေ တည်ငြိမ်မှုမရှိခြင်းက ယူကရိန်းအနေဖြင့် ရုရှားနှင့်တိုက်ခိုက်နေရသည့် အထွေထွေ မဟာဗျူဟာကို ပြန်လည်သုံးသပ် လာစေခြင်းဖြစ်ကာ ငြိမ်းချမ်းရေးကိစ္စဆီ ဦးတည်သွားစေခြင်းဖြစ်ကြောင်း ၎င်းက အလေးပေးပြောသည်။
ရုရှားနိုင်ငံက ယူကရိန်းနှင့်စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီး ဖြစ်သော်လည်း ယူကရိန်းကမူ ရုရှားဖွင့်ထားသည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းလာမှု မရှိခြင်းဖြစ်သည်။
ထို့ပြင် ရုရှားအစိုးရသည် ငြိမ်းချမ်းမှုရှိသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည့် အခြေအနေအတွက် မည်သည့်ကြိုတင် သတ်မှတ်ချက်မျှ ချမှတ်ထားခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ရုရှားနိုင်ငံသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် မည်သည့်အချိန်ကမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်းနှင့် ယူကရိန်းအနေဖြင့် ထိုသို့ဆွေးနွေးရေးအတွက် အသင့်ရှိနေရန်သာ လိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောထားသည်။