ခဲယမ်းများ ထုတ်လုပ်ခြင်းအတွက် ငွေကြေး ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲရမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

 

ခဲယမ်းများ ထုတ်လုပ်ခြင်းအတွက် ငွေကြေး ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲရမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

 

    ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း    ယူကရိန်းနိုင်ငံ၏ အမြောက်ဆန် အသုံးပြုမှု မြင့်မားလာခြင်းကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် လွန်ခဲ့သည့်ငါးနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ခဲယမ်းများထုတ်လုပ်၊   ဝယ်ယူခြင်းအတွက် ငွေကြေး ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားသည်။

အမေရိကန်အနေဖြင့်    ယူကရိန်း စစ်ဘက်၏  အမြောက်ဆန် အသုံးပြုမှု မြင့်မားလာခြင်းကြောင့် ခဲယမ်းများ ထုတ်လုပ်ရာတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် လိုအပ်လာပြီး အမေရိကန်အစိုးရ အနေဖြင့်လည်း ယူကရိန်းနိုင်ငံအား   ဆက်လက်ထောက်ပံ့ပေးရန် အာရုံစိုက်ထားကြောင်း   အော်စတင်က ဒီဇင်ဘာလ ၂ ရက်တွင်  ကယ်လီဖိုးနီးယား ပြည်နယ်ရှိ   ရော်နယ်ရေဂင် အမျိုးသား ကာကွယ်ရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့ပြင်  လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင် အမေရိကန်၏ အမြောက်ဆန် ထုတ်လုပ်မှုသည် လေးဆခန့်မြင့်တက်လာနိုင်ကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် ရန်သူက မိမိတို့အား အင်အားချည့်နဲ့စေရေး လုပ်ဆောင်ခွင့်   မပြုနိုင်သောကြောင့် လက်နက်ကိုင်ပဋိပက္ခတွင် ယူကရိန်းအား ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယူကရိန်းလက်နက်ကိုင်   ပဋိပက္ခမှ ထွက်ပေါ်လာမည့် ရလဒ်သည်  လာမည့် ဆယ်စုနှစ်များအတွက် ကမ္ဘာ့လုံခြုံရေးကို ပုံဖော်ပေးမည်ဟု  အမေရိကန်က ယူဆလျက်ရှိသောကြောင့်    ယူကရိန်းအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။