တရုတ်နှင့် လက်နက်ပြိုင်ဆိုင်မှုတွင် အမေရိကန်တို့ ရှုံးနိမ့်နိုင်

 

တရုတ်နှင့် လက်နက်ပြိုင်ဆိုင်မှုတွင် အမေရိကန်တို့ ရှုံးနိမ့်နိုင်

 

    အမေရိကန်စစ်ဘက်အတွက် တစ်နှစ်စာ အသုံးစရိတ်များ လုံလောက်မှုမရှိခြင်း၏ ဖြစ်လာနိုင်သော ဂယက်ရိုက်ခတ်မှုများနှင့် ပတ်သက်၍ ပင်တဂွန် တာဝန်ရှိသူများက လွှတ်တော်ကို သတိပေးလိုက်ကြောင်း သိရသည်။

    အဆိုပါ ဂယက်ရိုက်ခတ်မှုတွင် အသံနှုန်းလွန်စစ်လက်နက်ပစ္စည်းများနှင့် မောင်းသူမဲ့လေယာဉ်များ  ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့ အရေးကြီးသော စစ်လက်နက်ပစ္စည်း စီမံကိန်းများတွင် နှောင့်နှေးကြန့်ကြာမှုများလည်း ပါဝင်ကြောင်းနှင့်   ထိုကဲ့သို့နှောင့်နှေးကြန့်ကြာမှုကြောင့်  တရုတ်နှင့်လက်နက် ပြိုင်ဆိုင်မှုတွင်  အမေရိကန်တို့ ရှုံးနိမ့်နိုင်ကြောင်း   ထိပ်တန်း တာဝန်ရှိသူများက သတိပေးစကား ပြောထားခြင်းဖြစ်သည်။

အထူးသဖြင့် အမေရိကန်လေတပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ စွမ်းရည်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် စုပေါင်းတိုက်ပွဲဝင် လေယာဉ်နှင့် အခြားစစ်လက်နက်ပစ္စည်းစနစ်များကို တိုးတက် ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း လေတပ်ဝန်ကြီး ဖရန့်ကန်ဒဲက ပြောသည်။

“ဒီလိုစိတ်ကူးကို စတင်တွေးတောမိတဲ့ အချိန်ကနေ ဒီနေ့အချိန်အထိဆိုရင် မိမိတို့အနေနဲ့ နှစ်နှစ်ဆိုတဲ့အချိန်ကိုဖြုန်းတီးခဲ့ပြီးပါပြီ။ တကယ်လို့များ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်က လိုသလောက်မရဘူးဆိုရင်တော့ နောက်ထပ်တစ်နှစ်ကို အလဟဿ ဖြုန်းတီးမိတော့မှာပါ”ဟု ၎င်းကဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်း စမ်းသပ်မှုများအတွက် ငွေကြေးအမြောက်အမြားကို ပုံအောသုံးနေကြောင်းနှင့် ထိုအချိန်တွင် အမေရိကန်ဘက်က ငွေကြေးလျှော့ချမှုများ ရှိနေကြောင်း သုတေသနနှင့် အင်ဂျင်နီယာဆိုင်ရာ ဌာနမှ ဒုတိယကာကွယ်ရေးဝန်ကြီး ဟေဒီယူးကပြောသည်။

လွှတ်တော်အနေဖြင့်     ဇန်နဝါရီလအရောက်တွင် စစ်ဘက်၏ အသုံးစရိတ်နှင့် ပတ်သက်၍ ကတိပြုမှုတစ်ခုပေးရန် လိုအပ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့်  အကြောင်းအရာများကို ရှောင်ရှားရန် လိုအပ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူများက တိုက်တွန်း ထားသည်။

အလားတူ ၂၀၂၄ ခုနှစ်အတွင်း အရေးကြီးသော မှတ်တိုင်များကို စိုက်ထူနိုင်မည့် စစ်လက်နက်ပစ္စည်း အစီအစဉ်များစွာရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ဘဏ္ဍာငွေအတည်ပြုမှုသည် အလွန်အရေးကြီးကြောင်း ၎င်းတို့ကဆက်ပြောထားသည်။

လွှတ်တော်အတွင်း နိုင်ငံရေးအရ ဂိုဏ်းဂဏများ ကွဲပြားမှုကြောင့် အသုံးစရိတ်များကို စေ့စေ့စပ်စပ်စစ်ဆေးမှုများ လုပ်ဆောင်လာလျက်ရှိပြီး  ယင်းအတွက်  ပင်တဂွန် အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။