မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ညီလာခံဂုဏ်ပြုကြိုဆို

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ညီလာခံဂုဏ်ပြုကြိုဆို

 

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာမိတိုင်း မျိုးဆက်သစ်အတွက် အံ့သြဂုဏ်ယူဖွယ်ကောင်းလှသည့် နိုင်ငံတော်ကြီးသုံးရပ် ပေါ်ထွန်းခဲ့သည်ကို သိရှိနိုင်သည်။  အဆိုပါ နိုင်ငံတော်ကြီးသုံးရပ်မှာ အနော်ရထာ မင်းစောဦးဆောင်တည်ထောင်ခဲ့သော  ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်၊   ဘုရင့်နောင်မင်းတရားကြီး ဦးဆောင်တည်ထောင်ခဲ့သော တောင်ငူခေတ်ဒုတိယမြန်မာနိုင်ငံတော်နှင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဦးဆောင်တည်ထောင်ခဲ့သော  ကုန်းဘောင်ခေတ်တတိယမြန်မာနိုင်ငံတော်တို့ဖြစ်သည်။ ထိုမင်းတရားကြီးသုံးပါးတို့လက်ထက် မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် များစွာကျယ်ဝန်းခဲ့ပြီး အင်ပါယာ နိုင်ငံတော်အဖြစ် ခံ့ညားထည်ဝါခဲ့သည်။

အရည်အချင်းရှိသော မင်းကောင်းမင်းမြတ်တို့လက်ထက်တွင် နိုင်ငံတော်သည်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

အရည်အချင်းနည်းပါးသော မင်းတို့လက်ထက်တွင် နိုင်ငံတော်ကာကွယ်ရေး အင်အားချည့်နဲ့ ခဲ့သည့်အတွက် သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည်မှာ မမေ့နိုင်သော နာကြည်းဖွယ်သမိုင်းဖြစ်ရပ်ဆိုးဖြစ်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် တို့သည် မြန်မာနိုင်ငံကိုမတရားစစ်ပွဲ၊ အကြောင်းမဲ့စစ်ပွဲ သုံးကြိမ်ဆင်နွှဲပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံး ၁၈၈၅ ခုနှစ်တွင် ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်ခဲ့သည်။ တပ်မတော်တစ်ရပ် မရှိသည့်အတွက် ကိုလိုနီနိုင်ငံအဖြစ် သက်တမ်းရှည်ကြာခဲ့သည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်တို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

မြန်မာတို့တွင်  ကိုယ်ပိုင်တပ်မတော်တစ်ရပ် ရှိလာသည့်အတွက် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲများမှသည် နောက်ဆုံးတွင် လွတ်လပ်သော နိုင်ငံတော်အဖြစ်သို့ ရောက်ရှိခဲ့သည်။ တပ်မတော်နှင့် ပြည်သူတို့လက်တွဲကာ လွတ်လပ်ရေးအောင်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြသည်။ ဤသို့လွတ်လပ်ရေး ရရှိအောင် ဦးစီးဦးဆောင်ပြု တိုက်ပွဲဝင်ခဲ့သည်မှာ တပ်မတော်သားတို့ဖြစ်သည်။ တပ်မတော်တစ်ရပ် ပေါ်ထွန်း လာသည့်အတွက် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာသည့် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုစနက်ကြောင့် တိုင်းရင်းသားအချို့အမြင် ကျဉ်းမြောင်းကာ လက်နက်စွဲကိုင်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါး အစဉ်ဦးထိပ်ထားကာ ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်၏ ပိုင်နက်နယ်မြေကို ထိပါးနှောင့်ယှက်လာသူမှန်သမျှ စွမ်းရည်သုံးရပ်ပြည့်ဝစွာ ကာကွယ်ပေး လျက်ရှိသည်။ ပြည်တွင်းရန်သာမကပြည်ပရန်ကိုလည်း တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။ ပြည်ပကျူးကျော်မှုမှာ ဖဆပလအစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရုတ်ဖြူကူမင်တန်တို့သည် တရုတ်ပြည်မကြီးတွင် စစ်ရှုံး၍ မြန်မာနိုင်ငံတွင်းသို့ အင်အားများပြားစွာ ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့်တပ်မတော်သည်၁၉၅၃ ခုနှစ်တွင် နဂါးနိုင် စစ်ဆင်ရေးဖြင့် ကူမင်တန်တို့ စတင်တိုက်ထုတ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင်စစ်ဆင်ရေး အမည်ပြောင်းကာ ကူမင်တန်တို့ကို တိုက်ပွဲပေါင်းများစွာဆင်နွှဲ၍ မြန်မာနိုင်ငံတွင်းမှ အပြီးတိုင်မောင်းထုတ်ခဲ့ရသည်။

ပြည်ပကျူးကျော်မှုများကို အောင်မြင်စွာတိုက်ခိုက်နိုင်ခြင်းနှင့်အတူ ပြည်တွင်းသောင်းကျန်းသူအဖွဲ့ များကို တပ်မတော်က တိုက်ပွဲပေါင်းများစွာ ဆင်နွှဲကာ အောင်ပွဲခံနိုင်ခဲ့သည်။ ပြည်ပကထောက်ပံ့သွေးထိုးမှု များဖြင့် စုဖွဲ့ထားသော ဗကပ သောင်းကျန်းသူများကိုလည်း တပ်မတော်က အမြစ်ပြတ်သည်အထိ ချေမှုန်း အောင်မြင်ခဲ့သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသူတို့၏ စွမ်းဆောင်မှုကြောင့် မြန်မာနိုင်ငံသည်ကမ္ဘာ့အလယ်တွင် အချုပ်အခြာအာဏာပိုင် ဆိုသည့်နိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ တပ်မတော်သားတို့သည် အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများ ဖြစ်သည်။

တပ်မတော်သားအဖြစ် တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းကြသူများမှာ မည်သူ၏ တိုက်တွန်းချက်မှမပါဘဲ မိမိတို့၏ဆန္ဒအလျောက် ဝင်လာကြသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုအကောင်အထည်ဖော်သည့် အခါတွင်လည်း မိမိနိုင်ငံ၊ မိမိကာကွယ်မည်ဟူသောစိတ်ထားဖြင့် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသူများပြားလှသည်။ ထိုသူများထဲမှ ကျန်းမာရေးဆေးစစ်အောင်မြင်ပြီးသူများကို သင်တန်းများ တက်ရောက်စေခဲ့သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့်အမှတ်စဉ်(၂)သို့ တက်ရောက်နေသူများမှာ ရှေးအစဉ်အလာ တပ်မတော်သားကြီးများကဲ့သို့   မိမိနိုင်ငံကို မိမိတို့၏ စွမ်းအားဖြင့်  ကာကွယ်ကြမည့်သူများ ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံအနှံ့ မိမိတို့ တာဝန်ကျရာဌာနများတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို နောင်တော် တပ်မတော်သားများနည်းတူ ပြည်သူ့စစ်မှုထမ်းပီသစွာ ကာကွယ်စောင့်ရှောက် ပေးကြမည် ဖြစ်သည်။ မီးနာမှသံကောင်းမည်၊ ချွေးထွက်များမှ သွေးထွက်နည်း မည်ဆိုသည့် ဆောင်ပုဒ်များအတိုင်း လေ့ကျင့်သားပြည့်ဝပြီးဖြစ်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ မကြာမီအချိန်တွင် သင်တန်းများ ပြီးမြောက်ကြတော့မည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် နောင်တော် တပ်မတော်သားကြီးများကဲ့သို့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည်လည်း နိုင်ငံ့တာဝန် ကျေပွန်မည့် သူများအဖြစ် တွေ့မြင်ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။