ရွှေတိဂုံစေတီတော်၌ ၁၃၈၂ ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဘုရားဖူးပြည်သူမပါဘဲ နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၄ နာရီခွဲတွင် ရွှေတိဂုံစေတီတော်အား အာရုဏ်ခံတန်ဆောင်း၌ဆွမ်းတော်ကြီးကပ်လှူပြီး နံနက် ၅ နာရီတွင် အာရုဏ်ခံမုခ်ဦးဘေးဘက်ရှိ ကကုသန္ဓဘုရား၊ ကောဏာဂါမနဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရားလေးဆူနှင့် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့အား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခဲ့သည်။ ထို့ပြင် ညနေ ၆ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ဆီမီးခုံပတ်လည်၌ ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ကြမည်ဖြစ်သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် COVID-19 ရောဂါအခြေအနေအရ ရွှေတိဂုံစေတီ တော်သို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများအား COVID-19 ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စေရန် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှစ၍ ပထမအဆင့်အဖြစ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိလည်းကောင်း၊ ယင်းနောက် မတ် ၃၁ ရက်တွင် ဒုတိယအဆင့်အဖြစ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အထိလည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီး ဧပြီ ၉ ရက်မှစ၍ ရင်ပြင်ပေါ်တက်ရောက် ဘုရားဖူးမြော်ခွင့်ကို ယာယီရပ်ဆိုင်းခဲ့သည်။
ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ