ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆွစ်ဇာလန် အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်ရောက်

 

ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆွစ်ဇာလန် အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်ရောက်

 

    ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်  ယူရို  ၂၀၂၄  ပြိုင်ပွဲ  ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် အင်္ဂလန်အသင်းနှင့် ဆွစ်ဇာလန်အသင်းတို့ ကစားခဲ့ရာ  အင်္ဂလန်အသင်းက  ပယ်နယ်တီအဆုံး အဖြတ်ဖြင့်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်ဖြင့်   ပွဲထွက်လာခဲ့ပြီး   ပွဲစကတည်းက ခြေစွမ်းပိုင်းကွာခြားမှုမရှိဘဲ အကြိတ်အနယ်ရှိခဲ့သော်လည်း  တိုက်စစ်ကစားသမားများ  အဆုံးသတ်ပိုင်း အားနည်းမှုများနှင့်အတူ နှစ်ဖက်အသင်း ခံစစ်ကစားသမားများ   အမှားအယွင်းမရှိ ကစားနိုင်ခြင်းကြောင့်  ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့နောက်   ဒုတိယပိုင်း  ပြန်လည်စတင်ချိန်တွင်လည်း    ဂိုးကန်သွင်းခွင့်တချို့ ရရှိခဲ့ကြပြီး အဆုံးသတ် ပိုင်းအားနည်းခြင်းကြောင့်   သွင်းဂိုးများရရှိရန်ခက်ခဲခဲ့ သော်လည်း ပွဲချိန် ၇၅ မိနစ်တွင် အမ်ဘိုလိုက ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။

အင်္ဂလန်အသင်းက ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး နောက်  ကစားသမား အပြောင်းအလဲပြုလုပ်ပြီး ပိုမို တိုက်စစ်ဆင်ဖိအားပေးမှုများ ပြုလုပ်ခဲ့ကာ ပွဲချိန် မိနစ် ၈၀ တွင် ဆာကာ၏ အဝေးကန်သွင်းချက်ဖြင့် ချေပဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲချိန် မိနစ် ၉၀ တွင် တစ်ဂိုးစီသရေရလဒ်ကြောင့် အချိန်ပို မိနစ် ၃၀ ဆက် လက်ကစားခဲ့ရသည်။

အချိန်ပိုမိနစ်   ၃၀   ဆက်လက်ကစားရာတွင် လည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင်   အင်္ဂလန် အသင်းမှ  ပယ်မာလ်၊ ဘယ်လင်ဟမ်၊ဆာကာ၊ တိုနေး နှင့်အာနိုးတို့ဂိုးဝင်အောင် ကန်သွင်းယူနိုင်သော်လည်း ဆွစ်ဇာလန်အသင်းမှ ဖေဘီယန်ရှားလ်၊ ရှာကွီရီနှင့် အန်ဒူနီတို့ ဂိုးဝင်ခဲ့သော်လည်း အကန်ဂျီ၏ကန်သွင်း ချက်ကို အင်္ဂလန်အသင်းဂိုးသမား ပစ်ဖို့ဒ်ကာကွယ်နိုင်သည့်အတွက်   အင်္ဂလန်အသင်းက   အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။