အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇွန် ၁၇ ရက်)
ကျန်းမာရေးကောင်း၍ ဉာဏ်ရည်ထက်မြက်သူများ
လူတိုင်းသည်ရည်မှန်းချက်ကိုယ်စီဖြင့် ဘဝကိုရှင်သန်နေခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ၏ ရည်မှန်းချက်သည် စာမေးပွဲအောင်မြင်ရေးဖြစ်သည်။ စာမေးပွဲအောင်မြင်သောနေ့သည် ကျောင်းသား၊ ကျောင်းသူတို့အတွက် အပျော်ရွှင်ဆုံးနေ့ဖြစ်ပေသည်။ အခြေခံပညာတွင် အဆင့်မြင့်ဆုံးဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းသည်ကား ပြောစရာမရှိလောက်အောင်ပျော်ရွှင်ကြပေလိမ့်မည်။ တက္ကသိုလ်ဝင်တန်းသည် ကျောင်းသား၊ ကျောင်းသူတို့အတွက် မီးပွိုင့်လမ်းဆုံတစ်ခုသို့ ရောက်သည်နှင့် တူလှသည်။ လမ်းဆုံမှနေ၍ မိမိတို့ဝါသနာပါရာ တက္ကသိုလ်တစ်ခုခုသို့ ဆက်လက် တက်ရောက်ခွင့်ရပြီ ဖြစ်သည်။ ၀ါသနာလည်းပါ၊ အရည်အချင်းဖြစ်သော အောင်မှတ်ကလည်းပြည့်မီပါက အတိုင်းထက် အလွန်ပျော်ရွှင်ဖွယ်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲသည် တောင်တက်သမားတစ်ဦးအတွက် အခက်ခဲဆုံးသော တောင်တစ်တောင် ကိုကျော်ဖြတ်လိုက်ရသကဲ့သို့လည်း ဖြစ်သည်။ အမြင့်ဆုံးတောင်ဖြစ်သော ဘွဲ့တစ်ခုရရှိအောင် အဆင့်မြင့် ပညာများကို ဆက်လက်သင်ကြားရပေဦးမည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာတတ်များ ပေါကြွယ်ရန် အထူးလိုအပ်သည်။ ပညာကိုဆုံးခန်းတိုင်အောင်သင်ယူကြပြီး အသိပညာ၊ အတတ်ပညာ မြင့်မားသောအတွေးအခေါ်များနှင့်အတူ နိုင်ငံတော်အတွက် သားကောင်းသမီးကောင်းဖြစ်အောင် ကြိုးစားရပေဦးမည်။ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများ၊ ဂုဏ်ထူးဖြင့် အောင်မြင်သူများ အားလုံးကို ချီးကျူးပါသည်။ ဂုဏ်ယူဖွယ်လည်းဖြစ်ပါသည်။ မိဘများအနေဖြင့်လည်း မည်ရွေ့မည်မျှ ဝမ်းသာနေကြမည်ဆိုသည်မှာ တွက်ဆမရနိုင်အောင်ပင် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူအဖို့မူကား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းအတွက် ဝမ်းသာကြည်နူး ပျော်ရွှင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူတိုင်းသည် ကျန်းမာရေးကိုလည်း ဂရုစိုက်ခဲ့ကြရသည်။ အချိန်ကိုလည်း အကျိုးရှိစွာ အသုံးပြုရသည်။ တစ်နေ့သင်ပေးလိုက်သော သင်ခန်းစာများကို တစ်နေ့ချင်းကျေညက်အောင် လေ့လာ မှတ်သားကြရသည်။ အခြားသောအပျော်အပါး၊ လောင်းကစားဆိုသည်များကို ဝေးဝေးကရှောင်ခဲ့ကြ ရသည်။ အထူးသဖြင့် လူငယ်တို့ကိုဖျက်ဆီးနေသော၊ လမ်းမှားသို့ရောက်အောင် တွန်းပို့နေသော အဖျက်သမားတို့၏ ရန်စွယ်ကိုလည်း ရှောင်ခဲ့ကြသည်။ ဆိုလိုသည်မှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူတစ်ဦးမှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီးမှ ပန်းတိုင်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
စာမေးပွဲမအောင်မြင်ခဲ့သော လူငယ်မောင်မယ်များအနေဖြင့်လည်း စိတ်ဓာတ်မကျစေလိုပါ။ စိတ်ဓာတ် ကျဆင်းခြင်းသည် ဘဝကိုအရှုံးပေးရာ ရောက်ပါသည်။ စာမေးပွဲမအောင်၍ စိတ်လေကာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို မသုံးလိုက်ပါနှင့်။ ဤအရာများသည်ကား သင်တို့၏ တိုးတက်လမ်းကို ဖျက်ဆီးမည့်အရာများသာဖြစ်သည်။ မည်သည့်အရာမဆို ကြိုးစားလျှင်အောင်မြင်ရမည်မှာ ပုံသေနည်း တစ်ခုဖြစ်ပါသည်။ တချို့သောကျောင်းသား၊ ကျောင်းသူများ၏စိတ်တွင် လွဲမှားသော စိတ်ကလေး ဝင်နေတတ်သည်။ ထိုအရာမှာ မိမိကိုယ်မိမိ ငါဉာဏ်မကောင်းဘူးလို့ ထင်မြင်နေတတ်သော အားငယ် စိတ်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းတွင် ဉာဏ်ရည်ကွာခြားမှု သိသိသာသာမရှိပါ။ ကြိုးစားမှု ကွာခြားခြင်းနှင့် ဖြစ်လိုသည့် စိတ်ထက်သန်မှုကွာခြားခြင်းသာ ဖြစ်သည်။ ဇွဲ လုံ့လ ဝီရိယ နှင့်အချိန်မှန် မှန်ကြိုးစားမည်ဆိုပါက မည်သည့်စာမေးပွဲမဆို အောင်မြင်ပါလိမ့်မည်။ အချိန်မှန်မှန်ဟုဆိုရာတွင် ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း အချိန်တစ်ခုပေးသင့်သည်။ ကိုယ်လက်လှုပ်ရှား အားကစား ခြင်းသည် စိတ်ကိုလန်းဆန်းစေပါသည်။
တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းမှာ ကျောင်းသား၊ ကျောင်းသူတို့အတွက် အခက်အခဲ အတား အဆီးများကို ဇွဲ လုံ့လ ဝီရိယ ကြိုးစားမှုဖြင့် အနိုင်ယူပြလိုက်ခြင်း ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ ရည်မှန်းချက်ပန်းတိုင်သည် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီး မိမိတို့ဝါသနာပါရာ လုပ်ငန်းခွင်သို့ ဆက်လက်ဝင်ရောက်ရေး ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအဖို့ ရွေးချယ်စရာ လမ်းကြောင်း ပေါင်းမြောက်မြားစွာရှိပေရာ တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနေသော တက္ကသိုလ်ပေါင်းများစွာရှိသည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်ထုတ် သတင်းစာများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်တက္ကသိုလ် ဗိုလ်လောင်း ခေါ်ယူခြင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းခေါ်ယူခြင်း၊ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းခေါ်ယူခြင်းနှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်း ခေါ်ယူခြင်းများကို စတင် ကြော်ငြာထားပါသည်။ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် အရည်အချင်းစစ်စာမေးပွဲများတွင် ဖြေဆိုရမည့် ဘာသာရပ်များကိုလည်း ဖော်ပြထားသည်။ ကျန်းမာရေးနှင့်ပတ်သက်၍လည်း မျက်မှန် တပ်ဆင်ထားသူများ မဖြစ်စေရဟူသော အချက်သည် ဗိုလ်လောင်းခေါ်ယူမှုတိုင်းတွင် ဖော်ပြပါရှိသည်။
ရည်ရွယ်ချက် ခိုင်ခိုင်မာမာထားရှိပြီး ကြိုးစားသူတိုင်းမှာ မိမိတို့ရည်မှန်းထားသည့် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိမည်မှာ အမှန်ဖြစ်သည်။ လူငယ်မောင်မယ်တိုင်းမှာ မိမိတို့နိုင်ငံကို မိမိတို့ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်တို့ဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခွင့်ရရှိခြင်းမှာ အထူးပင်ကောင်းမွန်မြင့်မြတ်သော ထမ်းဆောင်မှု ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်၍ ဉာဏ်ရည်ထက်မြက်သူများအတွက် တပ်မတော်ရှိ တက္ကသိုလ်များ ကလည်း လက်ခံကြိုဆိုနေမည်ဖြစ်ပေရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗိုလ်လောင်းများ အဖြစ်ဝင်ရောက် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
၁၄-၆-၂၀၂၄ သတင်းစာများ