ချည်မျှင်နှင့်အထည်ထုတ်လုပ်မှုတိုးတက်ရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇွန် ၁၈ ရက်)
မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက်အရေးပါပြီး အကျိုးရှိသည့် စက်ရုံများဖြစ်သည်။ ပြည်သူများ အသုံးပြုနေသည့် အထည်အလိပ်လိုအပ်ချက်များကို ပြည့်မီစွာထုတ်လုပ်ပြီး ပြည်သူများအား စျေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ကြရမည် ဖြစ်သည်။ စျေးနှုန်းသက်သာသည့်အလျောက် အရည်အသွေးလည်း မြင့်မား ရမည်ဖြစ်သည်။ ချည်မျှင်လုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်နိုင်ရန်အတွက် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် အရည်အသွေး ကောင်းမွန်သော ဝါစိုက်ပျိုးရေးကို ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်စစ်ဆေးစဉ် “၀ါစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြေအရည်အသွေး စစ်ဆေးခြင်း သုတေသန လုပ်ငန်းများကို ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့်သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ စိုက်ပျိုးသည့်မြေအမျိုးအစားအလိုက် ထွက်ရှိသင့်သည့် အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့် အထွက်နှုန်းပြည့်မီစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ၀ါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင် ဆောင်ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါများ ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
၀ါအမျိုးအစား အများအပြားရှိပေရာ စိုက်ပျိုးရာတွင် ဝါအမျိုးအစားအများအပြား စိုက်ပျိုးခြင်းထက် တစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့် ၀ါထွက်ရှိလာအောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။ ပိတ်စအထည်အလိပ်များ ကောင်းမွန်ရန်အတွက် အခြေခံဖြစ်သည့် ဝါသည် ကောင်းမွန်ရမည် ဖြစ်ပေသည်။ ၀ါစိုက်ပျိုးမှုမှ အရည်အသွေးမြင့်ဝါများ ထွက်ရှိလာရန် ရွေးချယ်စိုက်ပျိုး ကြရပေမည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)အနေဖြင့် တပ်မတော်မှလိုအပ်သည့် အဝတ်အထည်နှင့် ချည်အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှချည်မျှင်အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်ပေး ကြရမည်ဖြစ်သည်။ နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် တီရှပ်၊ စွပ်ကျယ်ကဲ့သို့သော အခြေခံအဝတ်အထည် ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍စျေးနှုန်း သက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။
အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာ စျေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုး အစားအလိုက် ထုတ်လုပ်ရောင်းချရမည်ဖြစ်သလို အခြားစျေးကွက်လိုအပ်ချက်ရှိသည့် ဟိုတယ်သုံး ပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ စျေးကွက် ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ လုပ်ငန်းများအောင်မြင်မှုတွင် အဓိကအားဖြင့် သုတေသန လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ်တွင် လည်းမူတည်သည့်အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချည်မျှင်နှင့်အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာ အကျိုးရှိသည့် စက်ရုံများဖြစ်၍ နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်ကြရမည် ဖြစ်သည်။
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်သော စက်ရုံတစ်ခုဖြစ်သည်။ အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)မှ ချည်မျှင်ညို၊ တက်ထရက်ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊သင်္ကန်းများ၊ တက်ထရက်ပိတ်ရောင်စုံ၊ စွပ်ကျယ်ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ရာခင်းရောင်စုံတို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို အရည်အသွေး ပြည့်မီစွာထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်အား စျေးနှုန်းသက်သာစွာ တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များဖြင့် နိုင်ငံ့ စီးပွားမြင့်မားရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူတို့၏ အဓိက လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး အရေးသုံးပါးတွင် ဝတ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အမျိုးအစား ကောင်းမွန်သော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးကာ ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်ရေး ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုမြင့်မားရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။