ပညာရေးသည် နိုင်ငံအတွက်အဓိက

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက်)

ပညာရေးသည် နိုင်ငံအတွက်အဓိက

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ရှမ်းတဲ)သို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ရင်းရင်းနှီးနှီးလိုက်လံ အားပေးကြည့်ရှုပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ကျောင်း စာကြည့်တိုက်အတွက် လူထုသိပ္ပံ ကျမ်းစာအုပ်များနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် စား သောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့သည့် သတင်းကို ရုပ်မြင်သံကြားတွင်တွေ့မြင်လိုက်ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျောင်းခန်းမ၊ စာကြည့်တိုက်နှင့်ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် “ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ကြား နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းရှိ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ကောင်းမွန်ပြည့်စုံစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေပညာကိုသာမက အသက်အရွယ်နှင့် ကိုက်ညီသည့် ဗဟုသုတများရရှိစေရေးအတွက် ပြင်ပ စာပေများကိုလည်း စာကြည့်တိုက်တွင်ဖတ်ရှုသည့် အလေ့အကျင့်ရရှိကြစေရေး တိုက်တွန်းဆောင်ရွက် ကြရန်” တာဝန်ရှိသူများကို မှာကြားခဲ့သည်။

မိတ္ထီလာဒေသတွင် ပညာရေးနှင့် ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာရှိပြီး ဖြစ်သည်။ အခြေခံ ပညာမှစ၍ အဆင့်မြင့်ပညာအထိ တစ်နေရာတည်းတွင် သင်ယူနိုင်မည့်အခွင့်အလမ်းကို အဓိကအသုံးချ နိုင်ကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းသည် ထူးချွန်လိုစိတ်ရှိရမည်ဖြစ်သည်။ ထူးချွန် သော ကျောင်းသား၊ ကျောင်းသူတိုင်းသည် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေ ဗဟုသုတကို လည်း လေ့လာကြသည်ကို သိရှိရသည်။ “ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်၊ ပညာ အသက် ဘဝတစ်သက်” ဖြစ်ပြီး ပညာမရှိပါက ဘဝတစ်လျှောက်လုံးတွင် အခက်အခဲများနှင့် ကြုံတွေ့ နိုင်မည်ဖြစ်သည်။ စာကောင်း ပေမွန်များကို ရွေးချယ်ဖတ်ရှုစေပြီး အသိပညာ၊ အတတ်ပညာ ကြွယ်ဝ သည့်၊ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်အောင် ကြိုးစားကြရမည် ဖြစ်သည်။

ပညာရည်မြင့်မားရေးဆောင်ရွက်မှုသည်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို  ဦးတည်ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဆိုသည့် ပညာရေးဆိုင်ရာ အမျိုးသားရေး မျှော်မှန်းချက်ကိုချမှတ်၍ ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း အခြေခံပညာ ကို ကောင်းစွာသင်ယူတတ်မြောက်ရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရန်နှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေး ဖြစ်ရပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုချမှတ် အကောင် အထည်ဖော်လျက်ရှိသည်။ လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ယုံကြည်မှုအပြည့်အဝရှိလာပြီး  မိမိတို့သားသမီးများ၏ နောင်ရေးကိုရှေးရှုကာ ယခင်က ကျောင်းအပ်နှံခြင်းမပြုခဲ့သည့် မိဘများသည်ပင် မိမိတို့၏ သားသမီး များကို ကျောင်းအပ်လာကြပြီ ဖြစ်သည်။

ဆရာ၊ ဆရာမများအနေဖြင့်  ကျောင်းသား၊  ကျောင်းသူများကို  ကောင်းမွန်စွာလေ့ကျင့်သင်ကြား ပေးရာတွင် ကျောင်းသား၊ ကျောင်းသူတို့၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်း လာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပေသည်။ ထို့အတူ ဥပဒေကိုသိရှိ လေးစားလိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင်လည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်သည်။ မျိုးဆက်သစ် များ၏ အနာဂတ်ကိုပုံဖော်ရာတွင် စာသင်ကျောင်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလှပေ သည်။ ကျောင်းပညာကို ဆုံးခန်းတိုင်သင်ယူကြမှသာ မိမိတို့၏ ဘဝလမ်းခရီးမှာ ချောမွေ့အဆင်ပြေ မည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးကာ ထောက်ပံ့ပေးလျက်ရှိသည်။ ပညာကိုဆုံးခန်းတိုင်သင်ယူခြင်းမရှိပါက  မိမိဘဝအတွက် အကျိုးမဲ့စေသကဲ့သို့ မိဘနှင့်နိုင်ငံတော်အတွက်လည်း နစ်နာဆုံးရှုံးမှု ဖြစ်စေသည်။ အနှစ်ချုပ်ဆိုရသော် ပညာရေးသည်နိုင်ငံအတွက် အဓိကကဏ္ဍတွင်ပါဝင်နေသည့်အတွက် အားလုံးက ပိုမိုကောင်းမွန်ရေး ကြိုးစားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။

၁၈-၆-၂၀၂၄ သတင်းစာ