တောင်ငူမြို့ရှိ ထင်ရှားကျော်ကြားသည့် ပဒေသာကော်ဖီမှုန့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဒေါ်အေးချမ်းကိုကိုနှင့်တွေ့ဆုံမေးမြန်း
မေး။ ။ဟုတ်ကဲ့အစ်မနာမည်လေးနဲ့ မိတ်ဆက်ပေးပါဦးခင်ဗျာ။
ဖြေ။ ။အစ်မနာမည်က အေးချမ်းကိုကိုပါ။
မေး။ ။အစ်မဒီဆိုင်လေးက ဘယ်ရပ်ကွက်မှာ တည်ရှိတာလဲခင်ဗျာ။
ဖြေ။ ။ဒီပဒေသာ ကော်ဖီမှုန့်ဆိုင်လေးက တောင်ငူမြို့ (၁၆) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်မှာ တည်ရှိတာပါ။
မေး။ ။ဟုတ်ကဲ့အစ်မ။ ဒီဆိုင်လေးကို ဘယ်တုံးကစပြီး ဖွင့်လှစ်ခဲ့တာလဲခင်ဗျာ။
ဖြေ။ ။ဒီပဒေသာကော်ဖီမှုန့်ဆိုင်လေးကို အစ်မတို့အဘိုး၊ အဘွားတွေ လက်ထက်ကတည်းကပေါ့နော်
စပြီးဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လောက်တော့ရှိပြီပေါ့။
မေး။ ။ဟုတ်ကဲ့ အစ်မက မိဘအမွေကို လက်ဆင့်ကမ်းခဲ့တာပေါ့နော်။ ဒီလိုလက်ဆင့်ကမ်းတဲ့အခါ တချို့ကျတော့ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းတဲ့သူလည်းရှိတယ်။ ဆက်လက်ပြီး မထိန်းသိမ်းနိုင်တော့ တဲ့ သူတွေလည်းရှိတယ်။ အစ်မအနေနဲ့ပေါ့နော်။ ဒီလုပ်ငန်းကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီးထိန်းသိမ်းဖြစ်တယ်ဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။အစ်မတို့ကတော့ ဟိုးအရင်ကတည်းက အဘိုး၊ အဘွားတွေလက်ထက် အဖေပြီးတော့ အစ်မ လက်ထက်ပေါ့။ ဒီလုပ်ငန်း ဒီနာမည်ကိုပဲ မပျောက်ပျက်အောင် အစ်မက ဆက်လက်ပြီး လုပ်ဆောင် သွားရမှာပေါ့နော်။ တောင်ငူမြို့မှာဆိုရင်လည်း ထွက်ကုန်တွေ အမျိုးမျိုးရှိတာပေါ့နော်။ အဲဒီထဲက ဒီကော်ဖီမှုန့်လုပ်ငန်းကိုပဲ အရောအနှောမပါတဲ့ ကော်ဖီစေ့အစစ်ကိုပဲ အစ်မတို့က လုပ်တာပေါ့နော်။
မေး။ ။ဒီမှာဆိုရင်ပေါ့ ထုပ်ပိုးမှုစနစ်ပေါ့နော်။ တချို့ဆိုရင် ပလတ်စတစ်အိတ်တွေ သုံးကြတာပေါ့။ အစ်မတို့ ဆီမှာကျတော့ စက္ကူတွေကိုပဲ အသုံးပြုပြီး ထုပ်ပိုးထားတာတွေ့ရပါတယ်။ ဒီစက္ကူနဲ့ထုပ်ပိုး ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ဒါကတော့သူများတွေက ခေတ်နဲ့အညီ ပြောင်းတယ်ပေါ့နော်။ အစ်မတို့ကျတော့ သဘာဝလည်း ဖြစ်တယ်။ ကော်ဖီမှုန့်ဆိုတော့ ဘာပဲပြောပြော စက္ကူလေးနဲ့ဆိုတော့ အများကလည်း ဒီစက္ကူနဲ့ပဲသိ ကြတယ်။ ပလတ်စတစ်နဲ့ဆိုရင် သိပ်မသိကြဘူး။ အဲဒီတော့ အစ်မတို့ရောင်းနေသရွေ့တော့ ဒီစက္ကူနဲ့ပဲ အစ်မတို့ကလုပ်မှာ။ ဒီစက္ကူနဲ့ဆိုရင် ပဒေသာကော်ဖီမှုန့်ဆိုတာလူတွေက သိကြတယ်။ သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိန်းသိမ်းရာရောက်တော့ ဒီစက္ကူကိုပဲဆက်ပြီးသုံးသွားမှာပါ။
မေး။ ။ဟုတ်ကဲ့အစ်မ။ ဒီမှာဆိုရင် ကျွန်တော်တွေ့လိုက်တယ်။ စျေးဝယ်တစ်ယောက်လာတဲ့အချိန် ကော်ဖီမှုန့်ကို ကိုယ်တိုင်ကြိတ်ပြီး ထုပ်ပိုးပေးလိုက်တာ တွေ့လိုက်တယ်။ ဒါဆိုရင် အစ်မတို့ဆိုင်မှာ ကျတော့ ထုပ်ပိုးထားတာကို ရောင်းတာလား။ ကိုယ်တိုင်ဝယ်ယူသူလာမှ ဒါမျိုးလုပ်ပေးတာလား။ ဘယ်လိုမျိုးတွေ ဝန်ဆောင်မှုပေးလဲဆိုတာ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ အစ်မတို့ကတော့ ဒီမှာကျတော့ နှစ်မျိုးနှစ်စားပေါ့နော်။ ထုပ်ထားတာလည်းရှိတယ်။ တချို့ဆို ရင် ကြိတ်ပြီးသားသက်သက် ဝယ်ချင်တဲ့သူလည်းရှိတယ်။ ဝယ်ယူသူစိတ်ကြိုက် လုပ်ပေးတာပေါ့။ အခုလာမှ ထုပ်ပေးဆိုလည်း ထုပ်ပေးလိုက်တယ်။ တချို့ကျတော့လည်း အချိန်မရတာနဲ့ ဘာနဲ့ဆိုရင် ထုပ်ပြီးသားရှိတယ်။ အတူတူပဲလေ အဲဒါပဲယူသွားတယ်။ တချို့ကျတော့လည်း ပူပူနွေးနွေးလေး လိုချင်တယ်ဆိုရင်လည်း ကြိတ်ပြီးတော့ တစ်ခါတည်း ထုပ်ပေးလိုက်တယ်။
မေး။ ။ဟုတ်ကဲ့အစ်မ။ ဒီမှာဆိုရင် ကော်ဖီမှုန့်ရောင်းတဲ့အခါ ဂရမ်အချိန်နဲ့ရောင်းတာလား။ အလေးချိန် နဲ့ ရောင်းတာလားခင်ဗျာ။
ဖြေ။ ။အလေးချိန်နဲ့ ရောင်းတာပါမောင်လေး။
မေး။ ။ဒီပဒေသာကော်ဖီမှုန့် ဆိုင်မှာဆိုရင် ဘယ်လောက်ကနေစပြီး အနည်းဆုံးဝယ်ယူလို့ရလဲခင်ဗျာ။
ဖြေ။ ။လက်လီဆိုရင်တော့ အစားစားပေါ့နော်။ ၅ ကျပ်သားကစပြီး ဝယ်လို့ရတယ်။ နယ်အဝေးတွေ ပို့ပေးမယ်ဆိုရင်တော့ တစ်ပိဿာကစပြီးပို့ပေးတယ်။
မေး။ ။ဒီပဒေသာ ကော်ဖီမှုန့်ဆိုင်ကပေါ့နော်။ စျေးကွက်ထဲမှာ ဖြန့်တာတွေဘာတွေ ရှိတာပေါ့နော်။ ဒါဆိုရင် ဘယ်မြို့နယ်တွေ၊ ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြန့်ကြက်ထားလဲဆိုတာ ပြောပြ ပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ဖြန့်ကြက်ထားတာကတော့ နေရာအစုံရှိတယ်။ နေပြည်တော်လည်းရှိတာပေါ့နော်။ အဝေးဆုံး ကတော့ တာချီလိတ်ပေါ့။ မြို့နယ်တွေမှာလည်းရှိတယ်။ မြန်မာပြည်တစ်ပြည်လုံးက မှာယူဝယ်ယူနိုင် ပါတယ်။
မေး။ ။ဟုတ်ကဲ့အစ်မ။ ဒီကော်ဖီမှုန့်လုပ်ငန်းကိုပေါ့။ အခုစတင်ပြီးလုပ်ချင်တဲ့ သူတွေလည်း ရှိတာပေါ့။ တောင်ငူမှာဆိုရင် ကော်ဖီဒေသ ထွက်ကုန်ဖြစ်တာပေါ့။ ဒေသခံအနေနဲ့ပဲဖြစ်ဖြစ် အခြားသော ဒေသက သူတွေအနေနဲ့ပဲဖြစ်ဖြစ် ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့ စတင်ပြီးလုပ်ချင်တဲ့သူတွေကို အစ်မအနေနဲ့ ဘယ်လိုမျိုး အကြံဉာဏ်နဲ့ အားပေးစကားပြောချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ အခုမှစလုပ်မယ့်သူတွေဆိုရင်တော့ လုပ်ရင်လည်း အဆင်ပြေတယ်ပေါ့နော်။ အခုနောက်ပိုင်း လည်း ဒီကော်ဖီမှုန့်လုပ်ငန်းကို အခြားနာမည်တွေနဲ့ ထုတ်ကြတာရှိတယ်လေ။ ဘာပဲပြောပြော နာမည်များလို့ မထုတ်တော့ဘူးဆိုတာကတော့ မဖြစ်စေချင်ဘူးလေ။ လူတစ်ယောက်မှာ နာမည်တစ်ခု စီရှိကြတာပဲလေ။ အဲဒီတော့အဆင်ပြေမှာပါ။ ထုတ်ပါလို့ ပြောချင်ပါတယ်။
မေး။ ။ဟုတ်ကဲ့အစ်မ။ အစ်မဒီလုပ်ငန်းလုပ်တဲ့အချိန်မှာပေါ့။ ဘယ်လိုပဲမိဘမျိုးရိုးစဉ်ဆက် လက်ဆင့် ကမ်းခဲ့တယ်ဆိုဆို အခက်အခဲတွေကို လူတိုင်းကြုံတွေ့ရမှာပဲ။ အစ်မအနေနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ခဲ့ရလဲဆိုတာ အခုမှစလုပ်မယ့်သူတွေ သိရှိအောင်၊ စိတ်ဓာတ်မကျအောင်လို့ ဘယ်လိုမျိုး အကြံဉာဏ်လေးတွေ ပေးချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ပတ်ဝန်းကျင် အတိုက်အခိုက်တော့မရှိပါဘူး။ ဒါပေမဲ့ အစ်မကဘာတွေ ရင်ဆိုင်ရလဲဆိုရင် ကော်ဖီစေ့ပေါ့။ ကော်ဖီစေ့ကျတော့ ရှာရတာခက်တယ်လေ။ ကော်ဖီစေ့ကုန်ကြမ်းမှာ အခက်အခဲရှိမယ်။ အခုမှစတင်လုပ်မယ့်သူတွေကျတော့ ဘယ်မှာဝယ်မယ်။ ဘယ်မှာလုပ်မလဲ စုံစမ်းပြီးမှ လုပ်စေချင် တယ်။
ဟုတ်ကဲ့ပါခင်ဗျာ။ ပဒေသာကော်ဖီမှုန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့ အစ်မ အေးချမ်းကိုကို ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ။
တွေ့ဆုံမေးမြန်းသူ
ဇော်ကိုကို(တောင်ငူ)