နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့ တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်

နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့ တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်

ရန်ကုန် ဇူလိုင် ၁၂

နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌   မြန်မာ အမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းက မျိုးမြမြငြိမ်း၊ မေသက်မွန်မြင့်၊ ယုယုခိုင်၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ရူပါခိုင်၊ ယဉ်လွန်းအိန်နှင့် ခင်မာလာထွန်း အစရှိသည့် ကစားသမားများနှင့် ပွဲထွက်လာခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ခြေစွမ်းပိုင်းကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်းစလုံးဂိုးသွင်းခွင့် အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများ ကြောင့် ပထမပိုင်းတွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် နှစ်သင်းစလုံး တိုက်စစ်မြှင့်ကစားခဲ့မှုကြောင့် ပထမပိုင်း ကထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် ရှာရှာက အိန္ဒိယအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် မြန်မာအမျိုးသမီးအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် တရစပ်ဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၄၉ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက မြန်မာ အမျိုးသမီးအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင် ခြင်းမရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်းတို့သည် နိုင်ငံတကာ ခြေစမ်းပွဲစဉ်နှစ်ပွဲ ကစားခဲ့ ရာ ပထမပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

စည်သူအောင်