နီပေါနိုင်ငံတွင် မြေပြိုမှုများဖြစ်ပွား၊ လူ ၁၂ ဦးသေဆုံးပြီး ၆၅ ဦးပျောက်ဆုံး

နီပေါနိုင်ငံတွင် မြေပြိုမှုများဖြစ်ပွား၊ လူ ၁၂ ဦးသေဆုံးပြီး ၆၅ ဦးပျောက်ဆုံး

ခတ္တမန္ဒူ၊ သဘာဝဘေး

နီပေါနိုင်ငံတွင် မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် လူ ၁၂   ဦးသေဆုံးပြီး ၆၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း    ဒေသတွင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

မြေပြိုမှုများသည် ကက်စကီခရိုင် ပိုခါရာဒေသနှင့် မာဒီကျေးလက်ဒေသတို့တွင် ဇူလိုင်လ ၁၁ ရက်ညပိုင်းနှင့်ဇူလိုင်လ ၁၂ရက် နံနက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ခရိုင် အတွင်းရှိ နေရာသုံးခုမှ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း   ခရိုင်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဘာဆန့်ကူးမားရှာမာက ပြောသည်။

ထို့ပြင် ခတ္တမန္ဒူမြို့နှင့် ဆက်သွယ်ထားသည့် မူဂလင်း-နာရာယန်ဂက် အဝေးပြေးလမ်းပေါ်ရှိ ချစ်ဝမ်ခရိုင် တွင်လည်း မြေပြိုမှုများဖြစ်ပွားရာ ခရီးသည်တင်ကားနှစ်စီးမှာ မြေပြိုမှုအတွင်းပါသွားခြင်းကြောင့် ခရီးသည် ၆၅ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ခရီးသည်တင်ကားများသည် ယင်းဒေသရှိ ထရီရှုလီမြစ်အတွင်းသို့ ထိုးကျသွားသည်ဟု ယူဆရပြီး ရေငုပ်သမားများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပျောက်ဆုံးနေသူများကို    ဆက်လက်ရှာဖွေ လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နီပေါနိုင်ငံ၌ မုတ်သုံရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများနှင့် လူသေဆုံးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။      

Ref: Xinhua