တာချီလိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ဟောင်လိတ်)၌ကျင်းပသည့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အမှာစကားပြောကြား
တာချီလိတ် ဇူလိုင် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက် ပိုင်းတွင် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပသည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန် တူဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆိုသည်မှာ မိမိတို့ရပ်ရွာတွင် ရာသီကာလအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးများနှင့် စပ်လျဉ်းပြီး အမြဲအသင့်ရှိနေစေရေး၊ ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်တိမ်းနိုင်ရေး တို့အတွက် အဆင့်ဆင့်သောသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် မကျရောက်မီ အဆင့်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်သတိပေးချက် မရရှိနိုင်ဘဲ အချိန်မရွေးဖြစ်ပွားတတ်ပြီး ထိခိုက်ဆုံးရှုံးမှုလည်း ကြီးမားလေ့ရှိသဖြင့် မလိုလားအပ်သော ဆိုးကျိုးသက်ရောက် မှုများမှ ကာကွယ်နိုင်ရန်နှင့် ထိရောက်စွာ တုံ့ပြန်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် အခြားသောရေဘေး၊ လေဘေးအန္တရာယ်များ အတွက်လည်း အမြဲအသင့်ဖြစ်နေမည် ဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုမှ ရရှိလာသည့် အတွေ့အကြုံများကို မိမိတို့၏မိသားစု၊ ပတ်ဝန်းကျင်တွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေး အန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ၏ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်အလိုက် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တာဝန်ရှိသူများက တာချီလိတ်မြို့ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် ကုန်သည်ကြီးများအသင်းနှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့က လှူဒါန်းသော ငွေကျပ် သိန်း ၅၀၀ ကို လက်ခံရယူပြီး အလှူရှင်များနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် ပံ့ပိုး ဆောင်ရွက်ခဲ့သော စေတနာရှင်၊ အလှူရှင်များကို အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပူးပေါင်း၍ ယခုကဲ့သို့ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လူဦးရေ ၁၉၂၂၀ ဖြင့် အကြိမ် ၆၀၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇွန်လကုန်ထိ လူဦးရေ ၅၂၁၁ ဦးဖြင့် (၁၄)ကြိမ်ဆောင် ရွက်ခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန တာချီလိတ် မူလတန်းကြိုကျောင်း၊ တာလော့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်ရှိ TMK ပုဂ္ဂလိက မူလတန်းကြိုကျောင်းတို့သို့ သွားရောက်ကာ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် မှုများရရှိစေရန် နည်းစနစ်မှန်ကန်စွာ ပြုစုစောင့်ရှောက်နေမှုများကို လှည့်လည်ကြည့်ရှု ပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအနေဖြင့် ယခုကဲ့သို့ စနစ်တကျ ဖွင့်လှစ်ဆောင် ရွက်နေမှုကို ကြိုဆိုပါကြောင်း၊ ကလေးငယ်များကို ငယ်စဉ်ကပင် အလေ့အထကောင်းများ စွဲမြဲစေရေး လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံအတွက် အားထားရသော လူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းလာစေရေး အထောက် အကူပေးနိုင်မည် ဖြစ်ကြောင်း မှာကြား၍ ဆရာမများ၊ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။