နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေ ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူး ပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူး ပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးဆက်စပ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လို အပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ် လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ
ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန် မှာကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက်ပြီး မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။