ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေးပြီး နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေး

 

ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေးပြီး နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေး

နေပြည်တော်  ဇူလိုင်  ၁၃

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ  ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးသည်   ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မြိတ်) အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ နေခြည်လဲ့လဲ့သိန်းက   Polytechnic University နှင့်စပ်လျဉ်းသည့် သဘော သဘာဝနှင့် ဖြစ်ပေါ်လာမည့် အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Polytechnic University  တွင် ထည့်သွင်း တိုးချဲ့တည်ဆောက်မည့် ကျောင်းသား၊ ကျောင်းသူအဆောင်၊ Polytechnic University၊  ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာများနှင့် ဆရာ၊ ဆရာမအိမ်ရာတို့၏ ဒီဇိုင်းပုံစံများကိုကြည့်ရှုပြီး အနာဂတ် ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားရုံ၊ အားကစား ကွင်းများနှင့်တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစိုးရနည်းပညာအထက်တန်း ကျောင်း(မြိတ်)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ  စာတွေ့သာမက  လက်တွေ့လုပ်ငန်းခွင်အသုံးချနိုင်သည့်  သင်ကြားသင်ယူမှုများကို ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီသော သင်တန်းများဖွင့်လှစ်နိုင်ရေး ဒေသတွင်းလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဖွင့်လှစ် ဆောင်ရွက်သွားရန်၊ ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး ဆောင်ရွက်ရန်မှာကြား၍ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းက   ကွန်ပျူတာတက္ကသိုလ် (မြိတ်)အစည်းအဝေးခန်းမ၌ ကျင်းပသော နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများနှင့်  အတူတကွ လက်ဖက်ရည်သုံးဆောင်ကြပြီး ဌာနခန်းများ၊ စာသင်ခန်းများ၊  lab  ခန်းများ၊ စာကြည့်တိုက်၊    ကွန်ပျူတာခန်းနှင့် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။