MNL ပြိုင်ပွဲ ပွဲစဉ်(၂)တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံပေါ့အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဇူလိုင် ၁၄
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ ဟံသာဝတီယူနိုက် တက်အသင်းနှင့် ဒဂုံပေါ့အသင်းတို့နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ရှိ ကျောက်တိုင် အားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံပေါ့အသင်းတို့ ကစားခဲ့ရာ ဒဂုံပေါ့အသင်းက ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၀ မိနစ်တွင် မျိုးဆက်ပိုင်က လည်းကောင်း၊ ပွဲချိန် မိနစ် ၆၀တွင် Mogou ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ဒဂုံပေါ့အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့် Mogou က ဆွတ်ခူးနိုင်ခဲ့သည်။
ဆက်လက်ပြီး ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ရာ ခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ဟံသာဝတီယူနိုက်တက် အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဟံသာတီယူနိုက်တက် အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၅၉မိနစ်တွင် ကျော်မျိုးနိုင်က သွင်းယူပေးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဟံသာဝတီယူနိုက်တက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည့် အသင်းခေါင်းဆောင် လာဒင်မောရာက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။