နေ့စဉ်ရွှေဆိုင်များဖွင့်လှစ်ခြင်း၊ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းများ ဆောင်ရွက်ရန် YGEA အသိပေး
ရန်ကုန် ဇွန် ၅
ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များကို ဖွင့်လှစ်ခြင်း၊ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းများ ဆောင်ရွက်ပေးရန် အသိပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ဇွန်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ရောင်းချရမည့် ရွှေစျေးနှုန်းကို တစ်နေ့ သုံးကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချသည့်အခါတွင် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချရန် အသိပေးသည်ဟု YGEA ကထုတ်ပြန်ထားသည်။ ထို့ပြင် ထုတ်ပြန်ချက်အတွင်း ရွှေဆိုင်များ ကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် အသိပေးကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာက လာရောက်စစ်ဆေးသည့်အခါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်၌ပါရှိသည်။
ရွှေစျေးအခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရွှေဆိုင်လုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်သူ ၂၁ ဦးကို ဇွန်လ၂ ရက်တွင် ဖမ်းဆီးခဲ့သည့်အပြင် ရွှေစျေးမြင့် တက်ရန်အတွက် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ၀ိန့်စိန်ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိ ရွှေဆိုင်တို့မှ တာဝန်ရှိသူများအပါဝင် ထွက်ပြေးတိမ်းရှောင်သူ ၁၀ ဦးကိုလည်း အရေးယူနိုင်ရေး ဆောင်ရွက် နေကြောင်း သိရသည်။
MT