ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မေလ ၂၃ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက်များပြားခြင်းသည် အဓိက အရေးပါသည့် အချက်နှစ်ချက်အဖြစ် ပါဝင်ပါကြောင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏတိုက်တွန်းမှာကြားလျက်ရှိသည့် ကုန်ထုတ်လုပ်မှုအပိုင်းနှင့် ပို့ကုန်တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးကိစ္စတို့တွင် အထူးစီးပွားရေးဇုန်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များနှင့်MSME လုပ်ငန်းများ အပါအဝင် ကုန်ထုတ်လုပ်နိုင်သည့် နယ်ပယ်ပေါင်းစုံတို့က အရည်အသွေးမြှင့်ပို့ကုန် တိုးတက်ထုတ်လုပ်တင်ပို့နိုင်အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သလို ဇုန်များအလိုက်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဦးတည်ချက်များ ချမှတ်ပြီး ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန် အသီးသီး၏ ရည်မှန်းချက်နှင့် အကောင် အထည်ဖော်မှုများကလည်း နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပေမည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးတို့မှာ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးဦးတည် ချက်များဖြစ်သည်။
ပို့ကုန်ကဏ္ဍမြင့်မားနေမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်များပြားခြင်းသည်လည်း နိုင်ငံ့စီးပွားရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါ အထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိနေပြီ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ရှိထားပြီး ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုပမာဏ လျော့နည်းသည်ဟု ဆိုနိုင်သော်လည်း ရောက်ရှိသည့် အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံ ဖြင့်စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း အကောက်ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန်ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန်မှာ ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်းဖြစ်ကြောင်း သိရသည်။ မတ်လအတွင်းပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၂၇၈ သန်းဖြစ်၍ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာခြားချက်များအား လျှော့ချနိုင်ရေး ကြိုးပမ်းရမည်ဖြစ်သည်။ ထိုသို့လျှော့ချနိုင်ရန် Promotion Zone တွင်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ကုန်ပစ္စည်းတင်ပို့မှုများ ပိုမိုဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်က လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံခြားမှတင်သွင်းမှုရှိနေပေရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မြန်မာနိုင်ငံတွင် ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်းအရည်အသွေးမြှင့်ကုန်ကြမ်းများမှာ ယူနိုင်သည့်အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ MSME လုပ်ငန်းရှင်များ၊ အေဂျင်စီများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ဒေသတွင်းထုတ်ကုန်များကို အရည်အသွေးမြင့်သည့် ကုန်ကြမ်းအဖြစ်အထူး စီးပွားရေးဇုန်များနှင့် ချိတ်ဆက်ပေးသွင်းကြရမည် ဖြစ်သည်။ ပြည်ပသွင်းကုန်လျှော့ချရေးအတွက် အထူးစီးပွားရေးဇုန် တစ်ခုလုံးမှာ လိုအပ်သည့် ကုန်ကြမ်းအားလုံးကို ပြည်ပသွင်းကုန်အစားထိုး ထောက်ပံ့ပေးနိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လ စာရင်းအရ MSME လုပ်ငန်းမှထွက်ရှိသည့် ကုန်ပစ္စည်းများနှင့်ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မှုတွင် မြန်မာကျပ်ငွေ ၂ ဒသမ ၁ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ ထို့ထက် ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းကြရမည် ဖြစ်သည်။ လက်ရှိရင်းနှီးမြှုပ်နှံမှုများအပြင် ရင်းနှီးမြှုပ်နှံမှု တိုးတက်များပြားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပေရာ ချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရန်လည်း အထူးသတိပြုကြရမည် ဖြစ်သည်။ မြန်မာအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ(၂၀၁၄)နှင့် နည်းဥပဒေများအပေါ် အခြေခံပြီး ဆောင်ရွက်နေခြင်း ဖြစ်ပေရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ ။