အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက် ယာယီနေရပ်စွန့်ခွာသူများအား ပြန်လည်အခြေချနေထိုင်နိုင်ရေး ကူညီဖြည့်ဆည်း ဆောင်ရွက်
မော်လမြိုင် မေ ၁
၂၀၂၄ ခုနှစ် မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ် ဝန်ကြီးချုပ် က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက် Video Clip အား ပြသခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးကြကာ အမှတ်တရစုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော မွန်ပြည်နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ထုတ်လုပ်သောကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၊ ဒေသထွက်ရိုးရာ အစားအစာများနှင့် စက်မှုလက်မှု ထုတ်ကုန်ပြခန်း များအား လှည့်လည်ကြည့်ရှုအားပေးသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ မတ်လ၂၈ ရက်မှစတင်၍ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသော ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆောင်ရွက်ပေး လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတိုက်တော်သို့ ရောက်ရှိကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ နယ်မြေ အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာသူများအား ဓမ္မသ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက်၍ ပြန်လည် အခြေချ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များအားလုံးကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ နယ်မြေအခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်နယ် အတွင်းသို့ ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာသူများအား မွန်ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် နေထိုင် စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ