၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆု ရရှိသူများ၏ ဝမ်းသာပီတိစကားသံများ
နေပြည်တော် ဇူလိုင် ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ဇေယျာသီရိဗိမာန်ခန်းမ၌ ခမ်းခမ်းနားနား ကျင်းပရာ အဆိုပါအခမ်းအနားတွင် ဆုရရှိခဲ့ကြသူများ၏ ဝမ်းသာပီတိ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-
ဗိုလ်ကြီးသူရိန်ဦး ၊ (ကျောင်းအုပ်ချုပ်မှု တာဝန်ခံ)
စစ်တွေမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှာ ဖြေဆိုသူ ၈၁ ဦးရှိပြီး အောင်မြင်တဲ့သူက ၇၈ ဦးဖြစ်ပါတယ်။ တစ်ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်က ၂ ဦးနဲ့ကျန်တာက ရိုးရိုးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမ၊နည်းပြတွေရဲ့ သင်ကြားပြသမှု၊ ကွပ်ကဲမှုကောင်းလို့ အခုလိုမျိုး အောင်ချက်ကောင်းတဲ့ ရာခိုင်နှုန်းတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှု ကောင်းလို့လည်း ကျောင်းသား၊ ကျောင်းသူတွေက စာကိုလိုက်နိုင်တာဖြစ်ပါတယ်။ အခုလိုမျိုး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ်ပြုဆုချီးမြှင့်တဲ့ အတွက် အရမ်းပီတိဖြစ်မိပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားလုပ်ဆောင် သွားမှာဖြစ်ပါတယ်။
ဒုတိယတပ်ကြပ်အောင်ဝေယံဖြိုး ၊ (နှစ်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က တပ်မတော်ထဲဝင်ပြီးမှ Grade-12 စနစ်သစ်ပညာရေးမှာ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ Grade-12 ကို အမှတ်(၁၂) ပညာရေးကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ပထဝီနဲ့ သမိုင်းဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်က တပ်မတော်ထဲကို ၂၀၂၂ ခုနှစ်မှာ ဝင်ရောက် လာခဲ့တာဖြစ်ပါတယ်။ တပ်မတော်မှာ ကြိုးစားခွင့်ရအောင်၊ သင်ယူခွင့်ရအောင် တပ်မှာပံ့ပိုးပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေအတွက် ဒီလမ်းက လိုချင်တဲ့ပန်းတိုင်ကိုလျှောက်ဖို့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ တပ်မတော်မှာ လုံ့လဝီရိယနဲ့ ကြိုးစားတဲ့လူအတွက် နေရာရှိပြီးသားဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ပညာသင်ခွင့်ရတဲ့ အတွက်လည်း ကျွန်တော်အားလုံး ကိုယ်စားကျေးဇူး အထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒုတိယတပ်ကြပ်သက်ပိုင်လင်း ၊(သုံးဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က တပ်မတော်ထဲကို ၂၀၁၈ ခုနှစ်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က အမှတ်(၂) ပညာရေးကျောင်း(မိတ္ထီလာ)ကနေ Grade-12 ကို အောင်မြင် ခဲ့တာဖြစ်ပါတယ်။ပထမဆုံးစတင်ပြီး တက်ရောက်ခဲ့တာက စနစ်သစ်ပညာရေး Grade-10 ကို တက်ရောက်နေတဲ့အချိန် ကိုဗစ်ကာလ ဖြစ်နေတော့ မဖြေခဲ့ရပါဘူး။ နောက်နှစ်မှာ Grade-10 ပြန်ဖြေခဲ့ပါတယ်။ဆက်လက်ပြီး တက်ရောက်ခဲ့တာအခုဆိုရင် Grade-12 ကို အောင်မြင်ခဲ့ တာဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာတွဲဖြင့် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဂုဏ်ထူးသုံးဘာသာနဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်မှုရရှိအောင် ဖြေဆိုခွင့်ပေးခဲ့တဲ့ တပ်ရင်းမှူးနဲ့တကွ အရာရှိ၊ စစ်သည် မိသားစုအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လို စစ်သည်တွေကို စာဖြေဆိုခွင့်ရပြီး အခုလိုမျိုး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ်ပြု ဆုချီးမြှင့်ပေးတဲ့အတွက် အားလုံးရဲ့ ကိုယ်စား ဝမ်းသာပီတိဂုဏ်ယူမိပါတယ်။
ဒုတိယတပ်ကြပ်အေးစံပယ် ၊ (တစ်ဘာသာဂုဏ်ထူးရှင်)
ကျွန်မကတော့ တပ်မတော်ထဲဝင်ပြီးမှ Grade-12 ကို အောင်မြင်တာဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာတွဲဖြင့် သမိုင်းဘာသာနဲ့ ဂုဏ်ထူးရရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် တာဝန်ထမ်းဆောင်ရင်း တစ်ဖက်တစ်လမ်းကနေ ကြိုးစားခဲ့ရပါတယ်။ စနစ်သစ်ပညာရေး ဆိုတော့ အခက်အခဲတွေရှိပါတယ်။ ကျွန်မအတွက် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ တပ်မတော်မှာ ပညာရေး တစ်ဝက်တစ်ပျက်နဲ့ ရှိနေတဲ့လူတွေကိုပြန်ပြီးဖြေစေချင်ပါတယ်။ ဘာလို့လဲဆိုရင် တပ်မတော်မှာ ကိုယ်ကြိုးစားရင်ကြိုးစား သလောက် နေရာတစ်ခုရှိပါတယ်။ ကိုယ့်ဘဝတက်လမ်းဖြစ်တဲ့ Grade-12 ကိုလည်း ဖြေဆိုစေချင်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ်ပြု ဆုချီးမြှင့်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ရှေ့ဆက်ပြီး နိုင်င့ံတာဝန်များကိုလည်းဆက်လက်ထမ်းဆောင် သွားမှာဖြစ်ပါတယ်။
မောင်ဘုန်းမြတ်သာ ၊(ခြောက်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပြည်မြို့နယ်မှ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ သိပ္ပံဘာသာတွဲဖြင့် ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အမှတ်ပေါင်း ၅၄၆ မှတ်ရရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှာ ပထမရရှိခဲ့ပါတယ်။ အခုလို အောင်မြင်ဖို့ဆိုရင် ကျောင်းမှန်မှန်တက်ဖို့လည်း လိုပါတယ်။ ပြီးရင် ဆရာ၊ ဆရာမတွေသင်ကြားတဲ့ အချိန်မှာဂရုတစိုက်နဲ့ သေချာနားထောင်မယ်။ အိမ်ပြန်ရောက်တဲ့အချိန် စာပြန်လေ့လာတဲ့အခါမှာ ကိုယ်နားမလည်တဲ့ စာတွေကို ဆရာ၊ ဆရာမတွေကိုပြန်ပြီး မေးရမှာဖြစ်ပါတယ်။ ဒါမှသာ စာမရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ စာတွေကိုထပ်ခါထပ်ခါ အပြန်အလှန် လေ့ကျင့်ခန်း ပြန်လုပ်ပြီး ကျက်မှတ်ရမှာဖြစ်ပါတယ်။ အဓိက အရေးကြီးတာက ကျန်းမာရေး ကောင်းဖို့လည်း လိုပါတယ်။ စာလုပ်တဲ့အချိန်မှာ စာကိုသေချာအာရုံစိုက် လုပ်ပြီး၊ နားတဲ့အချိန်မှာလည်း အပြည့်အဝ အနားယူဖို့လည်း လိုပါတယ်။တစ်နိုင်ငံလုံးမှာရှိတဲ့ ဂုဏ်ထူးရတဲ့သူများနဲ့ လူရည်ချွန်ရတဲ့သူများကို အခုလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆုချီးမြှင့်ဂုဏ်ပြုပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။
မသူသူအိမွန် ၊ (ခြောက်ဘာသာဂုဏ်ထူးရှင်)
ကျွန်မက ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး အမှတ်ပေါင်း ၅၂၄ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မအဖေကတော့ တပ်မတော်သား တစ်ဦးဖြစ်ပါတယ်။ ကျွန်မကတော့ စာကိုနေ့တိုင်း အကြွေးမထားဘဲ လုပ်ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့သင်ကြားပြသမှု၊ မိဘတွေရဲ့ လမ်းညွှန်မှုတွေကိုလည်း သေချာလေး လိုက်နာဖြစ်ပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ ဆေးတက္ကသိုလ်တက်ဖို့ ရည်မှန်းထားပါတယ်။ မောင်လေး၊ ညီမလေးတွေကို ပြောချင်တာက Grade-12 အတန်းက ကိုယ့်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ နောက်ပြီး ဘုရားတရားကိုလည်း မမေ့ကြပါနဲ့။ မိဘ၊ ဆရာသမားများကိုလည်း ရိုသေလေးစားကြပါ။ စာကိုလည်း တစ်နေ့စာ တစ်နေ့ပုံမှန်လုပ်ပါ။ ကံဉာဏ်ဝီရိယ ဇွဲလုံ့လအားစိုက်ပြီး ကြိုးစားရင် အောင်မြင်မှုတွေရရှိမှာဖြစ်တယ်လို့ပြောချင်ပါတယ်။
မောင်အောင်ဖုန်းပြည့် ၊(ခြောက်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က မြောက်ဒဂုံ အ.ထ.က(၃)ကျောင်းမှ ခြောက်ဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ မောင်အောင်ဖုန်းပြည့်ဖြစ်ပါတယ်။ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့ပြီး အမှတ်ပေါင်း ၅၃၀ ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က စစ်မှုထမ်းဟောင်းရဲ့ သားဖြစ်ပါတယ်။ အခုလိုမျိုး အခမ်းအနားကြီးနဲ့ ဆုတက်ရောက်ယူရတဲ့ အတွက် ဝမ်းသာပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တကွ ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။