မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင်   ၃၁

    မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်း ကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးစီးဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်/မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊   တိုင်းဒေသကြီး/ပြည်နယ် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အမျိုးသားအဆင့် ဒုတိယငါးနှစ် စီမံချက် (၂၀၂၄-၂၀၂၈) ကာလအစဖြစ်သည့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကလေးလုပ်သားစစ်တမ်း ကောက်ယူရန်  Pilot Project  အဖြစ်ဆောင်ရွက်မည့် မြို့နယ် သတ်မှတ်ရွေးချယ်ထားရှိမှု၊   လုပ်ငန်းအချိန်ဇယား အတိုင်း စီစဉ်ဆောင်ရွက်မှု၊ ဘဏ္ဍာငွေလျာထားမှုနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   အမျိုးသားအဆင့် ဒုတိယငါးနှစ်စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး   ဗဟိုစာရင်းအင်းအဖွဲ့   ညွှန်ကြားရေးမှူးချုပ်က စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ကလေးလုပ်သား စစ်တမ်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုများ၊ အကြံပြုချက် များအပေါ်   လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။