ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ (ပျူအက္ခရာနှင့်ပျူစာပေ)သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်
ရန်ကုန် သြဂုတ် ၆
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ)ကို ယနေ့မှ သြဂုတ်လ ၇ ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်)ဘက်စုံခန်းမ၌ ကျင်းပလျက်ရှိသည်။
အဆိုပါဆွေးနွေးပွဲသည် မြန်မာ့သမိုင်းစဉ် အတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ သမိုင်းဌာန၊ ရှေးဟောင်းသုတေသန ဌာန၊ မနုဿဗေဒဌာနမှ ပါမောက္ခများနှင့် ပြင်ပပညာရှင်များ၊ လေ့လာသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရှေးဦးမြို့ပြ တည်ထောင်ခဲ့ကြသော ပျူမြို့ဟောင်းများကို နေရာအနှံ့အပြားတွင် တွေ့နိုင်ကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများသာမက အခြားသော ပျူရှေးမြို့ဟောင်းများဖြစ်သည့် ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း သို့မဟုတ် ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်း စသည်ဖြင့် တူးဖော်သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ကြသည်ကို တွေ့နိုင်ကြောင်း၊ ပျူအက္ခရာနှင့် ပျူစာပေ အထောက်အထားများကို သုတေသနပြုတွေ့ရှိခဲ့သော အထောက်အထား အချက်အလက် ခိုင်ခိုင်မာမာဖြင့် ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို ယခုတက်ရောက်လာသော ပညာရှင်များက အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ကြောင်း။
မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သောနှစ် (၅၀)ကျော်ကရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” သာရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းကာလတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ် တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျသက်တမ်း တွက်ချက်မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည်လည်း ပိုမို၍ရုပ်လုံးပေါ် ပြည့်စုံလာပြီဖြစ်ကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်း နိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပျူအက္ခရာနှင့် ပျူစာပေဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များနှင့် ပတ်သက်၍ ပျူအက္ခရာများနှင့် ပျူစာပေပညာရှင် ဦးမစ်ကီဟတ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခ (ဌာနမှူး) ဒေါက်တာမောင်မောင်ဆွေနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပညာရှင်များက ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်<ကင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်းပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသား ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။